Tuesday, June 27, 2017

ကလေးသူငယ်များ အနာဂတ်ဘဝဖွံ့ဖြိုးရေးနှင့် ဘေးကင်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်




အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်   တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင်        တိုင်းဒေသကြီးနှင့်       ပြည်နယ်များမှ ဖမ်းဆီး ရမိသော   မူးယစ်ဆေးဝါးများနှင့်      ထိန်းချုပ်ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲ  အခမ်းအနားများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့တို့တွင်  တစ်ပြိုင်တည်းကျင်းပခဲ့ရာ ၄င်းမူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၅၂၃၆၉၈ ဒသမ ၂၈ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ဝ၇ သန်းကျော်)ရှိခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၅၁ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဒဂုံဧရာ ယာဉ်ရပ်နားစခန်း၌ ငွေကျပ် ၂၆၉ ဘီလီယံကျော်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင်အားကစားကွင်း၌ ငွေကျပ် ၃၁ ဘီလီယံကျော်၊ ရှမ်းပြည်နယ်တောင်ပိုင်း   တောင်ကြီးမြို့     အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ငွေကျပ် ၁၉၅ ဘီလီယံကျော် တန်ဖိုးရှိသော မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုကို တိုင်းတာရာတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက် လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းအဝိုင်း တစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့်မှုခင်းများ၊ အန္တရာယ် များနှင့် ကြောက်ရွံ့မှုများ မည်မျှအထိ လျှော့ချနိုင်သည်ဆိုသည့် Index  များနှင့် တိုင်းတာမှသာလျှင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်သော စိတ်ချလုံခြုံပျော်ရွှင်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ် ပါကြောင်း    ဒုတိယသမ္မတ    ဦးမြင့်ဆွေက      အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌  အမှာစကားပြောကြားရာတွင်  ထည့်သွင်းပြောကြားခဲ့ သကဲ့သို့ မူးယစ်ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌကပေးပို့သည့် သဝဏ်လွှာ တွင်လည်း ထည့်သွင်းဖော်ပြထားခဲ့သည်။

မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုများတွင် အဓိက ပစ်မှတ်များ မှာ ကျောင်းသားလူငယ်၊ ကလေးသူငယ်များဖြစ်ကြပြီး အလုပ်အကိုင်အခွင့် အလမ်းနည်းပါးခြင်း၊  ဆင်းရဲနွမ်းပါးခြင်း၊ ပညာသင်ယူရန် အခွင့်အလမ်း နည်းပါးခြင်း၊ ပတ်ဝန်းကျင်  အသိုင်းအဝိုင်း ကြမ်းတမ်းဆိုးရွားခြင်းတို့က လူငယ်များကို   မူးယစ်နွံအတွင်း    သက်ဆင်းစေကြောင်း၊    ဒေသ အနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် ဖောက်ထွင်းမှု၊ ခိုးမှု၊ လုယက်မှုတို့တွင် အသက်မပြည့်သေးသည့် ကလေးများအပါအဝင် လူငယ်များပါဝင်လာ ကြခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကလည်း အဓိကအကြောင်းအရာ တစ်ရပ်ဖြစ်ကြောင်း    မီဒီယာများက     ထောက်ပြကြသည်ကိုလည်း တွေ့မြင်ဖတ်ရှုရသည်။ စင်စစ်အားဖြင့် မူးယစ်ဆေးဝါးပြဿနာတည်း ဟူသော ပင်စည်၏အောက်ခြေတွင် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြစ်မှုတရားစီရင်ရေးတို့က အမြစ်များသဖွယ် တွယ်ဆက် နေသည်ကို တွေ့ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းသက်သက်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် လျော့နည်းပျောက်ကွယ်ရေး အောင်မြင်နိုင်မည်မဟုတ်ဘဲ အထက်တွင်ဖော်ပြခဲ့သကဲ့သို့ ဆက်စပ်နေသည့် အခြေခံအကြောင်း တရားများကိုပါ မြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်းနှင့် အထူးအား ဖြင့်  မိသားစုဝင်များတွင် ကလေးသူငယ်နှင့်လူငယ်များ ပါဝင်နေသော မိသားစုတိုင်းက မိမိတို့၏ကလေး၊ လူငယ်များ၏အသံ၊ ၄င်းတို့၏ခံစားချက် တို့ကို အလေးအနက်ထားနားထောင်ကာ ¤င်းတို့၏ အနာဂတ်ဘဝ ဖွံ့ဖြိုးရေး၊ ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာနိုင်ရေးအတွက် စီမံဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း။    ။

No comments:

Post a Comment