Tuesday, June 27, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အမှုပေါင်း ၈၈ဝဝ ရှိ




 နေပြည်တော် ဇွန် ၂၆



အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်ဥက္ကဋ္ဌ ဦးမြဝင်း၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလ သမဂ္ဂ၊ING၊ NGOများမှ ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မူးယစ်ဆေးဝါးပြဿနာ သည် နိုင်ငံကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် နိုင်ငံအသီးသီးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါး ဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ တွင် ပါဝင်လက်မှတ်ရေးထိုး လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာကွန်ဗင်းရှင်းနှင့်အညီ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခဲ့ပါ ကြောင်း။

လုပ်ငန်းတာဝန်များ သတ်မှတ်မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီစေရန် ခြောက်ကြိမ်တိုင် ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ ၁ဝ ဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အဆင့်ဆင့်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့ပါကြောင်း။

မူးယစ်ဆေးဝါးပပျောက်ရေး မဟာ ဗျူဟာနှစ်ရပ်ကို ချမှတ်ပြီး ၁၉၉၉ - ၂ဝဝဝ ခုနှစ်မှ ၂ဝ၁၃ - ၂ဝ၁၄ ခုနှစ်အထိ ၁၅ နှစ် စီမံကိန်းကို ရှမ်း၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်များရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် မှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အထိ မူးယစ် ဆေးဝါးပပျောက်ရေး စတုတ္ထငါးနှစ်စီမံ ကိန်းကိုတိုးချဲ့ရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မီးရှို့ဖျက်ဆီး
၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုပေါင်း ၈၈ဝဝ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ မီးရှို့ဖျက်ဆီးမှု တန်ဖိုးမှာ ငွေကျပ်သန်းပေါင်း ၆၆ဝဝဝ ကျော် ဖြစ်ပါကြောင်း။

အစားထိုးသီးနှံစိုက်ပျိုး
ဘိန်းစိုက်ပျိုးသည့်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသကဲ့သို့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမြေဖော်ထုတ်ရေး၊ ရေနှင့်စွမ်းအင် ရရှိရေး၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံများ တည်ဆောက်ပေးခြင်းနှင့် သာသနာရေး အဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အလားတူ ဒေသနှင့် ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် သား၊ ငါးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစားထိုးသီးနှံ များ စိုက်ပျိုးနိုင်စေရန်လိုအပ်သည့် စီစဉ်ဆောင်ရွက်ပေးခြင်း တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

လမ်းလွှဲမရောက်အောင် ဆောင်ရွက်
ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ် ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် ဓာတုပစ္စည်းများ အပေါ် သိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းလွှဲ မရောက်အောင် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ပြန်လည်ဝင်ဆံ့နိုင်
မူးယစ်ဆေးစွဲကုသရေး ဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးစွဲလူနာများအတွက် တစ်နေရာ တည်း၌ ကုသရေးဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည် ထူထောင်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ် ထားရှိပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းနှင့် လှူအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးအသင်းများ ဖွဲ့စည်း၍ နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

အသိပညာပေး
မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်း စေရန် ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ တိုက်ရိုက်အသိပညာပေးခြင်းနှင့် သွယ် ဝိုက်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ လူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးအ္တရာယ် အသိပညာ များ တိုက်ရိုက်ရောက်ရှိစေရန် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက် သည့် သတင်း၊ တေးသီချင်းနှင့် ရုပ်မြင် သံကြားဇာတ်လမ်းများကို ဘာသာစကား မျိုးစုံဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါ ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ၊ မဂ္ဂဇင်း၊ စာစောင်နှင့် ဂျာနယ်တို့မှလည်း ပညာပေးဇာတ်လမ်းများ၊ ဆောင်းပါး များနှင့်ကာတွန်းများ ထည့်သွင်းဖော်ပြ အသိပညာပေးလျက်ရှိပါကြောင်း။

နိုင်ငံတကာနှင့် ပူးပေါင်း
ဒေသတွင်းနိုင်ငံများ၊ မဲခေါင်ဒေသ တွင်း နိုင်ငံများ၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံ များနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး သဘောတူစာချုပ်များကို လက်မှတ် ရေးထိုးကာ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့ အစည်းများအပါအဝင် ကုလသမဂ္ဂနှင့် လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

သင်တန်းများပို့ချ
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်း ရာတွင် ၂ဝ၁၆ ခုနှစ် အကြိမ် (၃ဝ) မြောက် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာ ဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေး ၏ အကြံပြုချက်များနှင့်အညီ ဘက်ပေါင်း စုံချဉ်းကပ်မှုများပါဝင်သည့် ပြည်သူ့ကျန်းမာရေးနှင့်ဖွံ့ဖြိုးမှုကို ရှေးရှုသော မူဝါဒသစ်တစ်ရပ်ကိုလည်း အခြေခံ လှူအခွင့်အရေးများနှင့်အညီRoad Map ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနှင့် ထုတ်လုပ်မှုလျှော့ချရေးလုပ်ငန်း စဉ်များကို အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှုစစ်တမ်းတစ်ခုကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် UNODC ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြို့နယ် အဆင့်တွင် ဆောင်ရွက်နိုင်သည့် CBT (Community Base Treatment) စီမံချက်တစ်ခုကို ရေးဆွဲလျက်ရှိသကဲ့ သို့ ထိရောက်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပြဆရာ သင်တန်းများကိုလည်း စတင်ဖွင့်လှစ်ပို့ချ နေပြီဖြစ်ပါကြောင်း။

စိတ်ချလုံခြုံ
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိန်း ဂဏန်းများထက် လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုက်အဝန်းတစ်ခုအတွင်း မူးယစ် ဆေးဝါးနှင့်ဆက်နွှယ်သည့်မှုခင်းများ၊ အန္တရာယ်များနှင့် ကြောက်ရွံ့မှုများ မည်မျှထိ လျှော့ချနိုင်သည်ဆိုသည့် Index များနှင့် တိုင်းတာသွားမှသာ လျှင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင် သော စိတ်ချလုံခြုံပျော်ရွှင်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။

ကိုယ်စီတာဝန်ရှိ
စီမံကိန်းများနှင့် လုပ်ငန်းစဉ်များ ရေးဆွဲသည့်အခါ လိုအပ်သည့် လေ့လာ ဆန်းစစ်မှုနှင့် အခြေခံအချက်အလက် စုဆောင်းမှုများကို စနစ်တကျဆောင် ရွက်ပြီး ပြဿနာ၏အရင်းအမြစ်ကို လက်တွေ့ကျကျ ဖြေလျှော့နိုင်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင် ရွက်မှသာ မူးယစ်ဆေးဝါးအ္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာတွင် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ပြစ်မှုတရားစီရင်ရေးစသည့် အကြောင်းအရာများပါဝင် ရှုပ်ထွေးသော သဘောရှိသည့်အတွက် ဘက်ပေါင်းစုံ ပါဝင်သည့် ချဉ်းကပ်မှုမျိုးဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ အဖွဲ့အစည်းတစ်ခု ချင်းစီမှသည် လူတစ်ဦးတစ်ယောက် ချင်းစီအထိ ကိုယ်စီတာဝန်ရှိသည်ဆို သည့်အသိဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင် ကြရန် တိုက်တွန်းလိုပါကြောင်း။

ဝိုင်းဝန်းပံ့ပိုးကူညီ
ယနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ် သည့် " Listen FIRST "ဆိုသည့် အတိုင်းမိသားစုတိုင်းအနေဖြင့် မိမိတို့ ကလေးသူငယ်များ၏ ခံစားချက်များကို ဦးစွာနားထောင်ပေးပြီး ကလေးများ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်း မာရေးနှင့် ဘေးကင်းလုံခြုံရေးတို့ အတွက် ကိုယ်စီတာဝန်ရှိသည်ဆိုသည့်အသိဖြင့် စီမံဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။ 

သဝဏ်လွှာဖတ်ကြား
ထို့နောက် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေ ကိုယ်စားလှယ် Mr. Jeremy Douglas က ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆုများပေးအပ်
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အ္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့် ကွန်ပျူတာ ပိုစတာပြိုင်ပွဲများတွင် ပထမဆုရရှိသူ ခြောက်ဦးကို ဆုများပေးအပ်သည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအ္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ကို ပြသသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု သည်။

အကြိမ် ၃ဝ ရှိပြီဖြစ်
၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန် ၂၆ ရက်ကို ကမ္ဘာ့မူးယစ်ဆေးဝါးနေ့အဖြစ် သတ်မှတ် ခဲ့သည်။ မြန်မာနိုင်ငံတွင် အဆိုပါအခမ်း အနားများ ကျင်းပခဲ့သည်မှာ ယနေ့ဆို လျှင် အကြိမ် ၃ဝ ရှိပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ နှင့် ကွန်ပျူတာပိုစတာ အလွတ်တန်းပြိုင်ပွဲ များတွင် ဒုတိယ၊ တတိယနှင့် အထူးဆုရရှိ သူများနှင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိ သူများအပါအဝင် ဆောင်ပုဒ်ပြိုင်ပွဲ ဆုရရှိသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားများတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment