Wednesday, June 28, 2017

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ ဦးဆောင်၍ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Image may contain: one or more people, people sitting, table and indoor
ချင်းမိုင် ဇွန် ၂၇
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က ဦးဆောင်၍ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများသည် ယနေ့နံနက်ပိုင်းတွင် စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး လျက်ရှိသည်။
ဆွေးနွေးပွဲတွင် ဇွန် ၂ဝ မှ ၂၆ ရက် အထိ ကျင်းပခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ ဒုတိယအကြိမ် ညီလာခံက ဆွေးနွေးရရှိသည့် ဘုံလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ စုစည်းခြင်းနှင့် သဘောထားချမှတ်ခြင်းတို့ကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေး၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လက ''အခုအချိန်မှာ ကျွန်တော် တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း သုံးအုပ်စုဖြစ်နေတယ်။ နံပါတ်(၁)က NCA လက်မှတ်ထိုးတဲ့ အဖွဲ့၊ နံပါတ် (၂)က မြောက်ပိုင်းအဖွဲ့ဆိုပြီးတော့ ပေါ်ပေါက်လာတယ်။ တတိယအနေနဲ့တော့ NCA မထိုးရသေးတဲ့ အဖွဲ့အစည်း ဆိုပြီးတော့ သုံးအုပ်စုဖြစ်နေတယ်။
မြေပြင်အခြေအနေအရ အဖွဲ့အစည်းသုံးဖွဲ့ ဖြစ်နေဦးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်သွားရင် ကောင်းမလဲဆိုတာကို ဒီအစည်းအဝေးကနေ အားလုံးက စစ်မှန်တဲ့ ကောင်းမွန်တဲ့ အကြံအဥာဏ်တွေကိုပေးကြဖို့ အထူးပဲလိုအပ်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးကနေ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ရှေ့လုပ်ငန်းစဉ် အကောင်းဆုံးတွေကို ချမှတ်နိုင်အောင် အားလုံးက ကြိုးစားပြီးတော့ ဆွေးနွေးတင်ပြသွားကြ ဖို့တိုက်တွန်းပါတယ်'' ဟုအဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခဲ့သည်များကို ပြန်လည် သုံးသပ်ခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယ အစည်းအဝေး ရလဒ်များအပေါ် ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်း သားနိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)နှင့် လူထုအခြေပြုအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇွန် ၂ဝ မှ ၂၆ ရက် အထိကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဒုတိယအကြိမ်ညီလာခံတွင် ခေါင်းဆောင်သစ်များ ပြန်လည် ရွေးချယ်ခဲ့ပြီးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နုတ်ထွက် ခွင့်ပြုခဲ့ကြောင်းသိရသည်။
သတင်း-ရဲခေါင်ညွန့်၊
ဓာတ်ပုံ-အောင်အောင် (ချင်းမိုင်)

No comments:

Post a Comment