Monday, June 26, 2017

အာဇာနည်နေ့အခမ်းအနားကျင်းပရန် ပြင်ဆင်ထားရှိမှုများကို ဒုတိယသမ္မတ ဦးမြင့်ဆွေ စစ်ဆေး




ရန်ကုန် ဇွန် ၂၅



၂ဝ၁၇ နှစ် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ရောက်ရှိပြီး နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 ဒုတိယသမ္မတအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကော်မတီဝင်များက အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဗိမာန်အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်ရပ် များကိုGraphic Board များဖြင့် ပြသရန်စီစဉ်ထားရှိမှု၊ အာဇာနည်ဗိမာန် အဆင်းလှေကားကို တိုးချဲ့ ပြင်ဆင်မွမ်းမံထား ရှိမှုနှင့် အာဇာနည်ဗိမာန်ပရိဝုဏ်အတွင်း ကြိုတင်ပြင်ဆင်ထား ရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြား သည်။

စီစဉ်ဆောင်ရွက်
ထို့နောက် ဒုတိယသမ္မတသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရောက်ရှိပြီး နှစ်(၇ဝ)ပြည့် အာဇာနည်နေ့အခမ်းအနားအတွက် ပြုပြင်မွမ်းမံဆောင်ရွက် ထားရှိမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုပြသ ထားရှိမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ အသုံး အဆောင်ပစ္စည်းများပြသရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)သို့ သွားရောက်ပြီး လွတ်လပ်ရေးရသည့်နေ့တွင် ယူနီယံဂျက် အလံကို ဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်တင် သည့် အလံတိုင်နေရာ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မော်ကွန်းကျောက်စာတိုင်နှင့် အဆိုပါကျောက်စာ တိုင်ရှေ့ မြက်ခင်းပြင်၌ နှစ်(၇ဝ)ပြည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်သို့လွှင့်ထူ မည့် အစီအစဉ်၊ တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးရာ အစည်းအဝေးခန်းမ ပြင်ဆင် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ (သတင်းစဉ်)

No comments:

Post a Comment