ရန်ကုန် မေ ၃၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာ အကွယ်များ ဝယ်ယူထားရှိပြီး ကုန်ပစ္စည်း၊ မော်တော်ယာဉ်၊ အဆောက်အအုံနှင့် လူ့အသက်ဆုံးရှုံးခဲ့သူများအတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေးငွေ ပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) စတုတ္ထထပ်အစည်း အဝေးခန်းမ၌ မေ ၂၉ ရက် မွန်းလွဲ ၃ နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ့အာမခံလုပ်ငန်း ဌာနအသီးသီးမှ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုံးရှုံးနစ်နာမှု လျော်ကြေးများ လက်ခံရယူရန် အကျိုးခံစားခွင့်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အဖွင့်အမှာစကားပြောကြားရာတွင် သင်္ဘောသား အသက်အာမခံလုပ်ငန်းမှ ကွယ်လွန်သူ သင်္ဘောသားတစ်ဦးလျှင် ကျပ် သိန်း ၅ဝ ဖြင့် နှစ်ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် ၁ဝ သန်း၊ အလုံးစုံ မော်တော် ယာဉ် အာမခံထားရှိသော မော်တော်ယာဉ်နှစ်စီးအတွက် လျော်ကြေးငွေကျပ် ၂၃ ဒသမ ၁ဝ သန်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရေစိုပျက်စီးဆုံးရှုံးမှု လျော်ကြေးငွေကျပ် ၃၅ ဒသမ ၉၈ သန်းနှင့် MV. ချမ်းတီတီ ရေယာဉ်နစ်မြုပ်မှုတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသူ ကုန်ပစ္စည်းပိုင်ရှင် ခုနစ်ဦး၊ ပေါ်လစီစောင်ရေ ၁၁ စောင်အတွက် လျော်ကြေး ငွေကျပ် ၂၁၉ ဒသမ ၆ဝ သန်း စုစုပေါင်း လျော်ကြေးငွေကျပ် ၂၈၈ ဒသမ ၆၈ သန်းကို ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံ လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ လက်ခံဆောင်ရွက်ပေးနေသကဲ့သို့ နစ်နာ ဆုံးရှုံးမှုဖြစ်ပွားသူများကိုလည်း နစ်နာကြေးလျော်ကြေးငွေများ လျင်မြန်စွာ စိစစ်ထုတ်ပေးခြင်းဖြင့် အာမခံလုပ်ငန်းအပေါ် ပြည်သူများ ပိုမိုယုံကြည်အားကိုး လာကာ ပြည်သူများ၏အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဆတက်ထမ်းပိုး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် အာမခံလျော်ကြေး၊ နစ်နာကြေးလက်ခံရရှိသူကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment