Friday, June 30, 2017

ပင်နယ်တီသုံးလုံးကာကွယ်နိုင်မှုကြောင့် ချီးကျူးမှုများရရှိနေသည့် ဘရာဗို

Image may contain: 1 person, playing a sport
မန်စီးတီးဂိုးသမား ဘရာဗိုသည် ချီလီအသင်း က ပေါ်တူဂီအသင်းကိုအနိုင်ရရှိသည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ပေါ်တူဂီ အသင်း၏ ပင်နယ်တီသွင်းဂိုးသုံးဂိုးကို ကာကွယ်နိုင်ခဲ့ပြီးနောက် တွစ်တာ၊ ဖေ့စ်ဘွတ်စ်တို့ကဲ့သို့သော လူမှု ကွန်ရက်စာမျက်နှာများတွင် ချီးကျူး မှုများ ပလူပျံအောင် ရရှိနေသလို ချီလီအသင်းနည်းပြ ပစ်ဇီကလည်း ''အံ့အား သင့်ဖွယ်ကောင်းသော ဘရာဗို''ဟု အမည် နာမတပ်ကာ ချီးကျူးခဲ့သည်။
ဘရာဗိုမှာ ပေါ်တူဂီအသင်းကန်သွင်း သည့် ပင်နယ်တီ သုံးလုံးစလုံးကို လက်စွမ်းပြ ကာကွယ်သွားရာ ပေါ်တူဂီအသင်းစူပါစတား စီရိုနယ်လ်ဒိုမှာ ပင်နယ်တီကန်သွင်းခွင့်ပင် မရရှိလိုက်ဘဲ ချီလီအသင်းကိုအရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ ဘရာဗိုမှာ အဆိုပါ ပွဲစဉ်အတွက် ပယ်နယ်တီကာကွယ်မှုကို အထူး လေ့ကျင့်ခဲ့ပြီး ကွာရက်စ်မာ၊ မော်တင်ဟိုနှင့် နာနီတို့၏ ပင်နယ်တီ ကန်သွင်းမှု အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချီလီအတွက် ဗီဒယ်လ်၊ အာရန်ဂွက်ဇ်နှင့် ဆန်းချက်ဇ်တို့မှာ လည်း ပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့သော်လည်း ဘရာဗို၏ လက်စွမ်းအပေါ် အံ့အား သင့်မိကြောင်း နည်းပြ ပစ်ဇီက သီးခြား ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။
ဘရာဗိုမှာ ပြီးခဲ့သည့်နှစ် နွေဈေးကွက်အတွင်း ဘာစီလိုနာ အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ လာပြီးနောက် ဘောလုံးကိုင်ကစားလွန်းမှု ကြောင့် မလိုလားအပ်သည့် ပြစ်ဒဏ်များ ကျူးလွန်မှုရှိခဲ့သလို ဂိုးကာကွယ်မှုအပိုင်းတွင် လစ်ဟင်းမှုများရှိခဲ့ရာ အင်္ဂလန်မီဒီယာများ၏ အပြင်းအထန်ဝေဖန်မှုကို ရရှိခဲ့သည်။ အင်္ဂလန်မီဒီယာများက အင်္ဂလန်နံပါတ်(၁) ဂိုးသမား ဂျိုးဟတ်ကို တိုရီနိုအသင်းသို့ အငှားချကစားသမားဘဝ ရောက်စေခဲ့သည့် ဘရာဗိုကို မျက်စိဒေါက်ထောက်လိုက်ကြည့် ကာ ပြစ်တင်ဝေဖန်ခဲ့မှုကြောင့် ဘရာဗိုမှာ လက်စွမ်းအတက်အကျ အလွန်လျင်မြန်ခဲ့ပြီး သူ၏ သာမန်လက်စွမ်းအောက် ကျရောက်ခဲ့ရ သည်။
ယခုပွဲအပြီး တွစ်တာစာမျက်နှာ ပေါ်တွင် ''ဂွါဒီယိုလာရဲ့ ချဉ်းကပ်မှုက မှန်ပါ တယ်'' ''တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့ ဂိုးသမားပဲ''စသဖြင့် အကောင်းဘက်မှ ချီးမွမ်း မှုများကို ရရှိခဲ့သည်။
ဘရာဗိုမှာ အမှန်တကယ်တွင် ပင်နယ်တီကန်သွင်းမှု သုံးကြိမ်ကိုသာမက သာမန်ပွဲကစားချိန် မိနစ် ၉ဝ နဲ့ အချိန်ပို မိနစ် ၃ဝ တွင်လည်း ပေါ်တူဂီအသင်း၏ သေချာပေါက်ဂိုးရရှိနိုင်မည့် အခွင့်အရေး သုံးကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့သေးသည်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဒဏ်ရာ ရရှိသွားသည်ဟု ထုတ်ဖော်ပြောကြားခဲ့သော် လည်း ဇူလိုင် ၃ ရက်တွင်ကစားမည့် ဗိုလ်လုပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်လားဆိုသည် ကို အဖြေပေးခဲ့ခြင်းမရှိပေ။
ထို့ပြင် ဘရာဗိုက လက်စွမ်းကောင်းသည် ဆိုသည့် ချီးကျူးမှုများအပေါ် ''ဒါက ကျွန်တော့်ရဲ့ ပုံမှန်စွမ်းဆောင်ချက်ပါပဲ''ဟုသာ တုံ့ပြန်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment