Thursday, June 29, 2017

လယ်မြေများရေနစ်မြုပ်မှုမရှိစေရန် ပြီစုတ်ချောင်းတူးဖော်မှုပြီးစီး၍ တောင်သူများအဆင်ပြေ

No automatic alt text available.
ရေတာရှည် ဇွန် ၂၈
မိုးရာသီကာလရောက်တိုင်း ချောင်းငယ်မြောင်းငယ်များ ရေလျှံမှုများကြောင့် တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများစွာဖြစ်ပေါ်ကြရသည့် အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ခွင့်ပြုရန်ပုံငွေဖြင့် ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအနီး သစ်တောကြိုးဝိုင်းဒေသနှင့် အမြန် လမ်းမကြီး မိုင်တိုင် ၁၆၃ မှစတင်ကာ အရှည် ၄ မိုင်ရှိ ပြီစုတ်ချောင်းငယ်အား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားများဖြင့် မိုးရာသီစိုက်ပျိုးရာသီအမီ ရေစီးရေလာကောင်းမွန်စေရန်လုပ်ငန်းများ ဆောင် ရွက်ခြင်းဖြစ်၍ ယခုအခါပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းနိုင်ကပြောကြားသည်။
''ကျွန်တော်တို့အခုလုပ်တဲ့ ပြီစုတ်ချောင်းက သိုင်းဝ၊ ကွင်းကြီး၊ ဇလုပ်ကြီး၊ ကုန်းကြီးကျေးရွာအုပ်စုများအတွင်းမှာရှိတဲ့ လယ်မြေတွေ ရေကြီးရေလျှံမှုက ကင်းဝေးသွားပါပြီ၊ တောင်သူတွေအတွက်အများကြီးအဆင်ပြေသွားပါတယ်''ဟု ဦးစီးအရာရှိက ဆက်လက်ပြောကြားသည်။
အဆိုပါ ပြီစုတ်ချောင်းငယ်သည် အနောက်မှအရှေ့သို့ စီးဆင်းကာ နှစ်စဉ် အမှိုက်သရိုက်နှင့် နုန်း အနယ်ပို့ချမှုများပြားကာ မိုးများအဆက်မပြတ်ရွာသွန်းပါ က ရေလျှံလေ့ရှိ၍ စပါးစိုက်ပျိုးမည့်တောင်သူများက ရေအကျကိုစောင့်ဆိုင်း လုပ်ကိုင်ကြရသည့်အတွက် အခက်အခဲများစွာကြုံတွေ့ကြရကြောင်း ကွင်းကြီး ကျေးရွာနေ တောင်သူများကပြောသည်။ ''အခုနှစ်မိုးရာသီအစမှာ တစ်လ နီးပါးလောက်ကို မိုးက ဆက်တိုက်ရွာတာ၊ ခါတိုင်းနှစ်တွေဆို လယ်တွေရေဖွေး နေပြီ၊ အခုတော့ ရေလျှံမှုမရှိတော့လို့ တချို့တောင်သူတွေ စပါးတောင်ကြဲ ပြီးကုန်ပြီ၊ အရင်ထက်စာရင်အများကြီးအဆင်ပြေသွားကြပါပြီ''ဟု တောင်သူ များကပင် ဆက်လက်ပြောကြားသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment