ပြီးခဲ့တဲ့ မေ ၂၂ ရက်က မန်ချက်စတာအရီနာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုအတွင်း သေဆုံးခဲ့ရတဲ့ ပရိသတ် တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ပြန်လည်ပြုလုပ်သွားဖို့ ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်က စီစဉ်ထားပြီး လတ်တလောမှာတော့ ဖျော်ဖြေပွဲကျင်းပသွားမယ့်ရက်ကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
မန်ချက်စတာပေါက်ကွဲမှုဟာ အရီရန်နာဂရန်းဒ်ရဲ့ "Dangerous Woman"နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဖျော်ဖြေပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပရိသတ် ၂၂ ဦးခန့် အသက်ဆုံးရှုံးခဲ့ရကာအများအပြား ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒီလိုဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုစဉ် အသက်သေဆုံးသွားခဲ့ရတဲ့ပရိသတ် တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ကျင်းပပေးဖို့ အရီရန်နာဂရန်းဒ်က စီစဉ်ခဲ့တာဖြစ်ပြီး ယင်းဖျော်ဖြေပွဲကို လာမယ့် ဇွန် ၄ ရက်မှာ မန်ချက်စတာမြို့မှာပဲ ပြန်လည်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
လာမယ့်ဖျော်ဖြေပွဲမှာတော့ အရီရန်နာဂရန်းဒ်ဟာ တစ်ဦးတည်းဖျော်ဖြေသွားမှာမဟုတ်ဘဲ အခြားသောနာမည်ကျော်တေးသံရှင်တွေကိုလည်း ဖိတ်ကြားကာ တွဲဖက်ဖျော်ဖြေသွားဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ပေါက်ကွဲမှုဖြစ်စဉ် အတွင်း သေဆုံးသွားခဲ့ရတဲ့ ပရိသတ်တွေနဲ့ မိသားစုဝင်တွေအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရပါ တယ်။ ဇွန် ၄ ရက် ဖျော်ဖြေပွဲမှာ အရီရန်နာဂရန်းဒ်နဲ့အတူ ပါဝင်ဖျော်ဖြေပေးဖို့အတွက် လတ်တလောအချိန်အထိ သဘောတူအတည်ပြုပြီးဖြစ်တဲ့ တေးသံရှင်တွေကတော့ ဂျက်စတင်ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်၊ ကတ်တီပါရီ၊ ဖာရယ်လ် ဝီလီယံနဲ့ အာရှာတို့ပဲ ဖြစ်ကြပါတယ်။ ''One Love Manchester''လို့အမည်ပေးထားတဲ့ ယင်းဖျော်ဖြေပွဲမှာတော့ နာမည်ကျော်တေးသံရှင်တွေနဲ့အတူ ဗြိတိန်ပေါ့ပ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ နီးလ်ဟော်ရန်၊ ကိုးဒ်ပလေးနဲ့ တိတ်သက်ထ် တို့လည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ့်ဖျော်ဖြေပွဲကိုတော့ အမ်းမရိတ်အိုးထရက်ဖို့ဒ် ခရစ်ကတ်ကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး မေ ၂၂ ရက်က အရီရန်နာဂရန်းဒ်ရဲ့ ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေကိုတော့ အခမဲ့ ပြန်လည်ကြည့်ရှုခွင့်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment