Thursday, June 1, 2017

ပြည်ပဖွံ့ဖြိုးရေးအကူအညီ ဖြတ်တောက်ခြင်းမပြုသင့်ဟု ကုလသမဂ္ဂအကြီးအကဲက အမေရိကန်ပြည်ထောင်စုနှင့်ဆွေးနွေးညှိနှိုင်း

Image may contain: 1 person, standing, suit and text
နယူးယောက် မေ ၃၁
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဦးဆောင်နိုင်ငံ အခန်းကဏ္ဍကို အဆုံးသတ်မည်ဆိုပါက အခြားနိုင်ငံများက ယင်းအခန်းကဏ္ဍကို လွှဲပြောင်းရယူလာကြမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများအား ဖွံ့ဖြိုးရေးအကူအညီ အထောက်အပံ့ပေးခြင်းနှင့် သံတမန်ရေးအရ လှုပ်ရှားဆောင်ရွက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် ပြန်လည်ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ အစိုးရအဖွဲ့ နားလည်လက်ခံလာစေရန် မိမိကြိုးပမ်းလျက်ရှိကြောင်း ကုလသမဂ္ဂအကြီးအကဲ အန်သော်နျူးဂူးတဲရက်ရှ်က မေ ၃ဝ ရက်တွင် ပြောကြားလိုက်သည်။
သမ္မတထရန့်သည် အမေရိကန်က ကမ္ဘာ့နိုင်ငံများသို့ ကူညီထောက်ပံ့ပေးမှု ဘတ်ဂျက်အသုံးစရိတ်ကို သုံးပုံတစ်ပုံခန့်ဖြတ်တောက် လျှော့ချရန် အဆိုပြုခဲ့သည်။အမေရိကန်က ပြည်ပအထောက်အပံ့ပေးမှု ဘတ်ဂျက်ကို ဖြတ်တောက်ရန် စီစဉ်လျက်ရှိရာတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းဆိုင်ရာ ရန်ပုံငွေအတွက် အမေရိကန်က ထည့်ဝင်သော ဒေါ်လာတစ်ဘီလီယံခန့်ကို ဖြတ်တောက်လျှော့ချရန်လည်းပါဝင်သည်။ အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာအဖွဲ့အစည်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေမှုကိုလည်း သိသိသာသာ ဖြတ်တောက်လျှော့ချရန် ရည်ရွယ်ထားသည်ဆို၏။
နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီ၊ နိုင်ငံခြားရေးမူဝါဒအရ ပင်လယ်ရပ်ခြားနိုင်ငံများသို့ ထောက်ပံ့ပေးသည့် ဘဏ္ဍာရေးအကူအညီတို့ကို ဖြတ်တောက်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်သင့်ပုံနှင့်ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့နှင့်လည်းကောင်း၊ ကွန်ဂရက်လွှတ်တော်နှင့် လည်းကောင်း မိမိတို့ဆွေးနွေးလျက်ရှိကြောင်း ဂူးတဲရက်ရှ် က နယူးယောက်တက္ကသိုလ်၌ ပြုလုပ်သော အခမ်းအနား တစ်ရပ်တွင် ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment