ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာများမှာ လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သော အရာဝတ္ထုပစ္စည်းများဖြစ်ကြောင်း လူတိုင်းသိသည်။ ယင်းတို့နှင့်ပတ်သက်၍ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များထုတ်ပြန်ကာ ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ထားသည်။ အရက်သေစာနှင့်ပတ်သက်၍ ထိရောက်သော ထိန်းချုပ်မှု၊ အရေးယူဆောင်ရွက်မှုများ မတွေ့ရသော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ နှင့်ပတ်သက်၍မူ ဟန့်တားထိန်းချုပ်ဆောင်ရွက်ရမည့် လုပ်ဆောင်မှုများ တွေ့ရသည်။
ဆေးလိပ်သောက်နှုန်းလျော့ကျရန် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ကုန်ပစ္စည်းအားလုံးအပေါ်တွင် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ကျန်းမာရေးသတိပေးရုပ်ပုံနှင့် စာတန်းများကို ဆေးလိပ်ထုပ်နှင့်စီးကရက် ဘူးခွံများတွင် ရိုက်နှိပ်ခြင်း၊ ဆေးလိပ်အရောင်းမြှင့်တင်ခြင်းကို တင်းကျပ် စွာတားမြစ်ခြင်း၊ ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် ကွမ်းစားခြင်းတို့ကို ကန့်သတ်ခြင်း စသည်တို့ ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်က ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုမတိုင်ခင် ၂ဝ၁၄ ခုနှစ် မတ်လက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာ ၁၇ နေရာကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ဆေးလိပ်မသောက်သုံးသင့်သောနေရာများကို သီးသန့်ထုတ်ပြန်ထားသည့်အပြင် လူအများစုဝေးရာနေရာများတွင် ကိုယ်ပိုင်အသိတရားဖြင့် မသောက်သုံးသင့်ချေ။
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ကင်ဆာ၊ အဆုတ်ပြည် တည်နာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ ဦးနှောက်သွေးကျောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါ ပြင်းထန်ခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ ခြေပုပ်လက်ပုပ်ရောဂါများဖြစ်ပွား တတ်သည်။ အရက်သေစာသောက်စားလျှင် ကျန်းမာရေးကို ထိခိုက်နိုင်သည့် အသည်းနှင့် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေသည့်အပြင် လူမှုပတ်ဝန်းကျင်နှင့် ကိုယ်ကျင့်တရားများကိုပါ ထိခိုက်ပျက်ပြားနိုင်သည်။
အရက်ကြောင့် မိဘ၊ သားသမီး၊ ဆွေးမျိုးမိတ်ဆွေနှင့် ပတ်ဝန်းကျင်ကိုပါ ဂရုမမူနိုင်ဘဲ မကောင်းမှုဒုစရိုက်များပါကျူးလွန်သည်အထိ ဖြစ်ပွားတတ်သည်။
၎င်းကုန်ပစ္စည်းတို့နှင့်ပတ်သက်၍ ဥပဒေ၊ ညွှန်ကြားချက်၊ ကန့်သတ်ချက်များရှိသော်လည်း ယနေ့ထက်တိုင် ထုတ်လုပ်ဖြန့်ချိ၊ ရောင်းဝယ်ဖောက်ကားမှုများမှာ အခြားကုန်ပစ္စည်းများထက် ပိုမိုကောင်းမွန်နေသည်ကို သတိမူဆန်းစစ်၍ အများပြည်သူအကျိုးအတွက် ပိုမိုထိရောက်သောလုပ်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်သွားရန် လိုအပ်နေပြီဟု သုံးသပ်မိပါသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်နေသော စီးကရက်စက်ရုံများ၊ အရက်ချက် စက်ရုံများ အမြောက်အမြားရှိနေသည်။ စီးကရက်နှင့် အရက်အမျိုးအစား မြောက်မြားစွာရှိသည်။ ၄င်းကုန်ပစ္စည်းများကို ထိန်းချုပ်နိုင်ရန်အတွက် အခွန်အကောက်သတ်မှတ်ချက်ကို တိုးမြှင့်ထားသည်။ ၂ဝ၁၅ အခွန် အကောက်ဥပဒေအရ ယခင်ဆေးရွက်ကြီးထွက်ပစ္စည်းများကို အခွန် ၅ဝ ရာခိုင်နှုန်းကောက်ရာမှ ၆ဝ ရာခိုင်နှုန်းသို့လည်းကောင်း၊ စီးကရက် အခွန်ကို ၁ဝဝ ရာခိုင်နှုန်းမှ ၁၂ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့သည်။ အရက်သေစာများတွင်လည်း အလားတူပင်ဖြစ်သည်။
ထိုသို့ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အခွန်အကောက်များ တိုးမြှင့်ကောက်ခံရာ အမှန်တွင် ပုံမှန်အားဖြင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အခက်အခဲများရှိလာနိုင်ပြီး ရောင်းကုန်တန်ဖိုးတိုးတက်ကာ ဈေးကွက်ကျဉ်းမြောင်းလာနိုင်သည်။ သို့သော် ကုန်ပစ္စည်းထုတ်လုပ်မှု တုံ့ဆိုင်းမသွားဘဲ သက်သာသောနှုန်းထားဖြင့် ထုတ်လုပ်မှုပိုကောင်းလာသည်ကို ဆင်ခြင် သုံးသပ်ကြည့်သင့်ပေသည်။ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများမှာ အရှိန်တန့်မသွားဘဲ ဆက်လက်အောင်ပွဲခံနေသည်မှာ အများပြည်သူအသိပင်ဖြစ်သည်။
ထို့ကြောင့် အဆိုပါထုတ်ကုန်များမှာ ထုတ်လုပ်မှုစရိတ်အလွန်နည်းသောလုပ်ငန်းများဖြစ်၍လော၊ သို့တည်းမဟုတ် အများပြည်သူတို့က လက်မလွှတ်တမ်း သုံးစွဲရမည့် ကုန်ပစ္စည်းများဖြစ်နေ၍လော၊ သို့တည်း မဟုတ် အခွန်အကောက်နှုန်းထားများ မှန်ကန်တိကျမှု မရှိ၍လော၊ ပြဋ္ဌာန်းထားသော ဥပဒေများမှာ အားနည်းနေသလော၊ ဥပဒေများနှင့်အညီ ထိရောက်စွာမဆောင်ရွက်၍လော၊ မလိုက်နာ၍လော စသည်ဖြင့် ပြန်လည် ဆန်းစစ်မေးခွန်းထုတ်ဆင့်သင့်သည်ဟု ထင်မြင်ယူဆပါသည်။
မည်သို့ပင်ဖြစ်စေ အရက်သေစာများနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ကုန်များသည် မြန်မာနိုင်ငံရှိ အများပြည်သူလူအပေါင်းတို့အား ကောင်းကျိုးမပေးဘဲ ဆိုးကျိုးများသာပေးနိုင်သော ကုန်ပစ္စည်းများဖြစ် သောကြောင့် အများပြည်သူတို့အား အန္တရာယ်မပေးနိုင်ရေးအတွက် ပိုမိုထိရောက်စွာဟန့်တားနိုင်သော အစီအမံများကို ပြန်လည်ဆန်းစစ် ဆောင်ရွက်ရန်လိုအပ်သည်ဟု ရှုမြင်ပါသည်။
No comments:
Post a Comment