Monday, May 29, 2017

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ MMA ကမ္ဘာ့ချန်ပီယံလုပွဲ ရန်ကုန်၌ ကျင်းပမည်



Image may contain: 1 person, text
ရန်ကုန် မေ ၂၈
မြန်မာအားကစားပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်ပြီး ကချင်တိုင်းရင်းသား MMA ကစားသမား အောင်လအန်ဆန်နှင့်အတူ နာမည်ကြီးလာသည့် MMA ဘက်စုံကိုယ်ခံပညာသုံး ပြိုင်ပွဲကို ဇွန် ၃ဝ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် အောင်လအန်ဆန်နှင့် ဗစ်တာလီ ဘစ်ဒက်ရှ် (ရုရှား)တို့၏ ကမ္ဘာ့ချန်ပီယံလုပွဲ ပါဝင်မည်ဖြစ်သည်။
အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ကမ္ဘာ့ချန်ပီယံ MMA ဖြစ်ရန် ရည်မှန်းချက်ထားပြီး ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သောပွဲတွင် ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ရန်စီစဉ်ထားသည့် ပြိုင်ဘက်ကစားသမားနုတ်ထွက်မှုကြောင့် အစားထိုးယှဉ်ပြိုင်ခဲ့ရာ အဆင်သင့်မဖြစ်သေးသောကြောင့် နိုင်ပွဲနှင့်လွဲချော်ကာ ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယင်းပွဲတွင် အောင်လအန်ဆန်၏အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်၊ အချီပြည့်သည်အထိ တိုက်ခိုက်လိုစိတ်တို့ကို တွေ့မြင်ခဲ့ရပြီး သုံးချီမှစ၍ ပြိုင်ဘက်ကစားသမား၏ တစ်ဖက်သက်ထိုးသတ် မှုများခံခဲ့ရသော်လည်း အချီပြည့်သည်အထိ တောင့်ခံသွားခဲ့သည်။ အောင်လအန်ဆန်သည်
ယင်းပွဲ ရှုံးနိမ့်ပြီးနောက်ပိုင်း ကမ္ဘာ့ချန်ပီယံလုပွဲ ပြန်လည်ထိုးသတ်ခွင့်ရရန် လေ့ကျင့်ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခုတစ်ကျော့ပြန်လည် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
MMA (ဘက်စုံကိုယ်ခံပညာသုံး) ပြိုင်ပွဲကို မြန်မာနိုင်ငံတွင်လေးကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်ကျင်းပမည့် ပြိုင်ပွဲနှစ်ကြိမ်အနက် ပထမအကြိမ်ကျင်းပမည့်ပြိုင်ပွဲလည်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ တွဲဆိုင်းအပြင် မြန်မာကစားသမားများ၏ တွဲဆိုင်းများလည်းပါဝင်မည်ဖြစ်သည်။
အောင်လအန်ဆန်နှင့်ထိုးသတ်မည့် လက်ရှိကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်သည် ကိုးပွဲစလုံးအနိုင်ရထားပြီး ဘယ်လက်သီး အားသန်သူဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ဖိုးသော်ဇင်

No comments:

Post a Comment