Monday, May 29, 2017

တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်း မကြာမီအကောင်အထည်ဖော် ဆောင်ရွက်မည်



Image may contain: house and outdoor
ရန်ကုန် မေ ၂၈
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် Precast စနစ်ဖြင့်ဆောက်လုပ်မည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများကို မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA)၏ ဦးဆောင်မှုဖြင့် ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့များက ဆောင်ရွက်ကြမည်ဖြစ်ပြီး Myanmar CollWall Precast Thailand နှင့် မြန်မာပြည် မိတ်ဖက်အဖွဲ့များက နည်းပညာပံ့ပိုးကာ နိုင်ငံတော် အစီအစဉ်ဖြင့် မကြာမီအကောင် အထည်ဖော်တော့မည်ဖြစ်သည်။
အဆိုပါ Precast စနစ်ဖြင့် ဆောက်လုပ်မည့်တန်ဖိုးသင့် ပြည်သူ့အိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီးနှင့် မြို့နယ်အလိုက် တန်ဖိုးသင့်ပြည်သူ့အိမ်ရာ စီမံကိန်းကို အမျိုးအစားသုံးမျိုးဖြင့် ဆောက်လုပ်သွားမည်ဖြစ်ရာ ပထမအမျိုးအစားမှာ ဝရန်တာအပါအဝင် မျက်နှာပွင့် ၁၂ ပေ၊ အနောက် ပေ ၂ဝ ရှိ ဓာတ်လှေကားပါဝင်သော ဟိုတယ် Room Type ပုံစံအိမ်ခန်းများပါဝင်သည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို မြို့လယ်ကောင်၌ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၁၅ နှစ်အရစ်ကျဝယ်ယူနိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ သီလဝါစက်မှုဇုန်၊ ဒလ၊ မှော်ဘီနှင့် ထောက်ကြံ့မြို့နယ် အပါအဝင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် အမြန်လမ်းနေရာများ၌ မြေနေရာ ပါဝင်သည့် နှစ်ထပ်တိုက် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး နှစ်စဉ် တစ်လလျှင် ငွေကျပ် ၇ဝဝဝဝ (သို့) ၈ဝဝဝဝ ပေးသွင်းနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။ တတိယအမျိုးအစားမှာ အကျယ် စတုရန်းပေ ၆ဝဝ ရှိ ငါးထပ်ဆောက်လုပ်မည့် အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်ပါသော မိသားစုနေထိုင်နိုင်မည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ အမျိုးအစား သုံးမျိုးစလုံးကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျရောင်းချ ပေးမည်ဖြစ်ကာ အနာဂတ်တွင် ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျ ရောင်းချပေးမည်ဖြစ်သည်။
လက်ရှိအနေအထားအရ ပုဂ္ဂလိကပိုင်မြေဖြစ်သည့် ဝေဇယန္တာလမ်းနှင့် နီးသော တောင်ဥက္ကလာပမြို့နယ်မှ အမှတ်(၈)၊ (၉)၊ (၁ဝ)ရပ်ကွက်တို့တွင် Precast စနစ်ဖြင့်ဆောက်လုပ်မည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို ကနဦးအကောင်အထည်ဖော်မည်ဖြစ်ပြီး ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံမြို့နယ်များ၌ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း ပါဝင်သည့် စတုရန်းပေ ၆ဝဝ အကျယ်ရှိ မိသားစုပြည်သူ့အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန်စီစဉ်ထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ကိုယ်ပိုင်အလုပ်အကိုင်ပြသနိုင်သည့် ပြည်သူများကို ဦးစားပေးရောင်းချပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MCEA)မှ အဖွဲ့ဝင် Myanmar CollWall Precast ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ''ပုဂ္ဂလိကပိုင်မြေပေါ်မှာ ဆောက်လုပ်မယ် ဆိုရင်တော့ မြေနေရာက တိုက်ခန်းအတွက် ငွေကျပ်သိန်း ၃ဝ လောက် အနည်းဆုံး တက်ပါလိမ့်မယ်။ အဓိကတော့ နိုင်ငံတော်ကနေ မြေနေရာချထား ပေးမယ်ဆိုရင် မြန်ဆန်စွာအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ နိုင်ငံတော်က ပံ့ပိုးပေးမယ်ဆိုရင်ပိုအဆင်ပြေမှာပါ။ ဒါမှမဟုတ်ရင် ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိကပိုင်မြေပေါ်မှာ တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်မှာဖြစ်ပါတယ်။ ဒီ Precast စနစ်နဲ့ ဆောက်လုပ်တာကလည်း ဆောက်လုပ် ကုန်ကျစရိတ်ကို အနည်းဆုံး ၃ဝ ရာခိုင်နှုန်းသက်သာစေတာဖြစ်ပြီး အဆောက် အအုံကြံ့ခိုင်မှုကလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ကနေ ပြည်သူအတွက် ပြည်သူ့အိမ်ရာစီမံကိန်းများ ပေါ်ထွက်လာအောင် စီစဉ်နေတာတွေ့ရပါတယ်။ မကြာမီမှာ အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဓိကတော့ အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဆင်ပြေမှာပါ။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂ္ဂလိကမြေ ပိုင်ရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားဖို့စီစဉ်နေပါပြီ''ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ၏မြေနေရာပေးသည့်အပေါ်မူတည်ပြီး တန်ဖိုးသင့် ပြည်သူ့အိမ်ရာအိမ်ခန်းအား ငွေကျပ်သိန်း ၁ဝဝ အောက်နှင့် ငွေကျပ်သိန်း ၁၂ဝ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးစနစ်ပြောင်းလဲ သကဲ့သို့ ဘဏ်စနစ်များလည်းပြောင်းလဲသင့်ကြောင်း၊ ရန်ကုန်မြို့၏ လိုအပ် ချက်အနေအထားအရ တစ်နှစ်လျှင် အိမ်ခန်းအရေအတွက် ၇ဝဝဝဝ ကျော် အကောင်အထည်ဖော်ရန် လိုအပ်နေသည်ကိုတွေ့ရှိရကြောင်း၊ လက်ရှိအိမ်ခန်း အရေအတွက် လိုအပ်ချက်အရဝယ်၊ ရောင်း၊ ငှားလိုအားများမှာ မမျှတတော့ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဝါရင့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
''မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းက ဝိုင်းပြီး အင်အားဖြည့်တဲ့အနေနဲ့ တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းတွေကို နိုင်ငံတစ်ခွင်မှာ ဖော်ဆောင်ဖို့စီစဉ်နေပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်ကလည်း ကျွန်တော်တို့ ဆောက်လုပ်ရေးအဖွဲ့တွေကိုချေးငွေပေးနိုင်ဖို့အတွက် ကျွန်တော် တို့အနေနဲ့ ညှိနှိုင်းနေပါတယ်။ အဓိကတော့ ပြည်သူတွေရဲ့ လိုလားချက်က အိမ်ခန်းနေရာရယ် နှစ်ရှည်အရစ်ကျ ရောင်းချပေးနိုင်ခွင့်ပါ။ ခုဆိုရင် ၃ဝ ရာခိုင်နှုန်း ကနဦးငွေပေးသွင်းပြီး ရှစ်နှစ်ကနေ ၁၅ နှစ်ထိ long term loan နှစ်ရှည်ချေးငွေရရှိတာနဲ့ တစ်လကို ငွေကျပ် ၇ဝဝဝဝ (သို့) ၈ဝဝဝဝ ပဲ ပေးသွင်းရတော့မှာပါ။ ပြည်သူတွေကတော့ လစဉ်ပုံမှန် ငွေပေးသွင်းရတာကို နည်းတာပဲလိုချင်ကြပါတယ်။ ဒါကိုကျွန်တော်တို့က ဦးစားပေးလုပ်ဆောင်သွားမှာပါ''ဟု ထပ်မံပြောကြားသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသောပြည်သူများ နိုင်ငံတကာအဆင့်မီ နေထိုင်နိုင်ရန်အတွက် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ရန် နိုင်ငံတော်မှ မြေနေရာချထားပေးမည်ဆိုပါက ဆောက်လုပ် ရေးလုပ်ငန်းရှင်များအနေဖြင့် လှိုက်လှိုက်လှဲလှဲ ပူးပေါင်းပါဝင်ကြရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment