Monday, May 29, 2017

ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလားသမိုင်းမှာ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးသွားခဲ့တဲ့ အာဆင်နယ်

Image may contain: 15 people, people smiling
မေလဲ့သင်း
အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တွင် အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလားသမိုင်းတွင် ၁၃ ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့သည့် သမိုင်းသစ်တစ်ရပ်ကိုပါ ရေးထိုးသွားခဲ့သည်။ အာဆင်နယ်အသင်း အတွက် သွင်းဂိုးများကို တိုက်စစ်မှူး ဆန်းချက်ဇ်နှင့် အာရွန်ရမ်ဆေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအတွက် ချေပဂိုးကိုတိုက်စစ်မှူး ကော်စတာက သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်းသားများက ဆန်းချက်ဇ်၏ သွင်းဂိုးကို လူကျွံဘောအဖြစ် စောဒကတက်ခဲ့ကြသော်လည်း တကယ်တမ်းတွင် ဆန်းချက်ဇ်မှာ လူကျွံအနေအထားရောက်ရှိခြင်းမရှိဘဲ ရမ်ဆေးကသာ လူကျွံနေခြင်းဖြစ်သည်။
အာဆင်နယ်မှာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မှု ကြောင့် ဝေဖန်ခံနေရသော်လည်း ယခုကဲ့သို့ ပရီမီယာလိဂ်ချန်ပီယံချယ်လ်ဆီးကို ပွဲချိန်တစ်လျှောက် အဘက်ဘက်မှ အသာစီးရယူကစားနိုင်ခြင်းကြောင့် ဝေဖန်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ဒိုင်ဖြစ်သူ တေလာမှာ ဆန်းချက်ဇ်၏ သွင်းဂိုးကို ခွင့်ပြု ခဲ့ခြင်းနှင့် ပင်နယ်တီရရှိရန် ဒိုင်ဗင်ပစ်ခဲ့သည့် ချယ်လ်ဆီးကစားသမား မောဆက်စ်ကို နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခဲ့ခြင်း စသည့်အရေးကြီး ဆုံးဖြတ်ချက် နှစ်ရပ်ကို ချမှတ်ကာ သူ၏ ရဲရင့်မှုကို ပြသခဲ့သည်။ ဆန်းချက်ဇ်ဂိုးသွင်းယူစဉ် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် အလံထောင်ပြခဲ့သော်လည်း တေလာက စည်းကြပ်ဒိုင်နှင့် ဆွေးနွေးပြီးနောက် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့သည်။
အာဆင်နယ်အနေဖြင့် နောက်တန်းခံစစ်တွင် ပွဲပယ်ခံထားရသည့် ကိုစီယယ်နီ၊ မူစတာဖီနှင့် ဂါဘရီယယ်တို့ ဒဏ်ရာရရှိနေခြင်းကြောင့် အခက်တွေ့မည်ဟု ယူဆခဲ့သော်လည်း ဝါရင့်နောက်ခံလူ မာတီဆက်ကာ၊ ရော့ဒ်ဟိုးဒင်းနှင့် မွန်ရီယယ်တို့က အကောင်းဆုံးကစားနိုင်ခဲ့ကြသည်ကို တွေ့ရသည်။ နှစ်သင်းစလုံး နောက်တန်းသုံးယောက်တွဲခံစစ်ကို အသုံးပြုကြ သော်လည်း အာဆင်နယ်အသင်း ကွင်းလယ်ပိုင်းက ပိုမိုထိရောက်သော ဂိုးဖန်တီးမှုနှင့် ရှေ့နောက်အလယ် ချိတ်ဆက်မှုအပိုင်းတွင် ချယ်လ်ဆီးအသင်း ထက် သာလွန်ခဲ့သည်။
ဘောလုံးရေးရာကျွမ်းကျင်သူအများစုက အာဆင်နယ်အနေဖြင့် သူတို့ အသင်းအတွက် အံအဝင်ဆုံးကစားကွက်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သဖြင့် ဒဏ်ရာပြဿနာကင်းစင်ပြီး ယခုလူစာရင်းကို ဆက်ထိန်းနိုင်မည်ဆိုလျှင် လာမည့်ရာသီတွင် ပရီမီယာလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဖြစ်ကြောင်း အကောင်းဘက်မှ ရှုမြင်သုံးသပ်ခဲ့ကြသည်။ သို့သော် အာဆင်နယ်အသင်းသည် လွန်ခဲ့သည့် လေးရာသီအတွင်း သုံးကြိမ်ချန်ပီယံဖြစ်ထားသည့် အသင်းဖြစ်ပြီး ဝင်းဂါးမှာလည်း အက်ဖ်အေဖလားဗိုလ်လုပွဲခုနစ်ကြိမ်တွင် အကြိမ်တိုင်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည့် မှတ်တမ်းတစ်ရပ်ကိုပါ ပိုင်ဆိုင်ခဲ့ သည်။ ထို့ပြင် အနိုင်ဂိုးသွင်းရှင် ရမ်ဆေးသည်လည်း ၂ဝ၁၄ ခုနှစ် ဟားလ်စီးတီး ကို အနိုင်ရရှိသည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် ယခုတစ်ကြိမ်တွင်လည်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ သူဖြစ်လာခဲ့သည်။
အာဆင်နယ်နည်းပြ ဝင်းဂါးက အကောင်းဆုံးကစားကွက်ဖြင့် ပွဲအစ အဆုံး ကစားနိုင်ခဲ့သလို အဆိုးများကြုံခဲ့ပြီးနောက် စုစည်းညီညွတ်မှုဖြင့် အနိုင်ယူပြနိုင်ခဲ့ခြင်းဖြစ်သည်ဟုပွဲအပြီးတွင် ပြောကြားခဲ့သည်။ ချယ်လ်ဆီး နည်းပြ ကွန်တီက ''အာဆင်နယ်အသင်းရဲ့ ပထမသွင်းဂိုးက အတော်လေး ထူးခြားပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ပွဲကို အကောင်းဆုံးချဉ်းကပ်နိုင်မှု မပြုသလို ၂၅ မိနစ်အတွင်း ကစားပုံကြောင့် ရလဒ်ပိုင်း ဆိုးရွားသွားခဲ့တာပါ'' ဟု ဆိုခဲ့သည်။
ရှုံးပွဲကြုံခဲ့ရသည့် ချယ်လ်ဆီးအသင်းမှာမူ ပရီမီယာလိဂ်နှင့် အက်ဖ်အေ ဖလားတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်မည့် အခွင့်အရေးတစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ အာဆင်နယ်အသင်းမှာမူ ဝင်းဂါးလက်ထက် အက်ဖ်အေ ဖလားဗိုလ်လုပွဲတက်ရောက်တိုင်း ချန်ပီယံလိဂ်ဆွတ်ခူးနိုင်သည့် အသင်းအဖြစ် သာမက အက်ဖ်အေဖလားကို ၁၃ကြိမ်အထိ ဆွတ်ခူးနိုင်သည့် အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

No comments:

Post a Comment