Monday, May 1, 2017

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုပလက်ဖောင်းစတင်သည့်အခမ်းအနား ကျင်းပ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒေသန္တရအဆင့် (JMC-L) များဆက်လက်ဖွဲ့စည်းသွားမည်


Image may contain: 1 person, standing
ရန်ကုန် ဧပြီ ၃ဝ
ဖွဲ့စည်းထားခြင်းမရှိသေးသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ ဒေသန္တရအဆင့် (JMC-L) များကို နေရာ ၁ဝ ခုအထိဖွဲ့စည်းသွားနိုင်ရန် စီစဉ်ထားကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုပလက်ဖောင်း(JMC Support Platform) စတင်သည့် အခမ်း အနားမှ သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုပလက်ဖောင်း (JMC Support Platform) စတင်သည့် အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ရွှေလီ လမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပ ခဲ့သည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော် မတီ(JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကJMC အနေဖြင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို ပြောကြားပြီးJMC-Uဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးကိုယ်စား ပဒိုစောတာဒိုမှူး၊JMC-U ဒုတိယဥက္ကဋ္ဌ(၂)ဦးမောင်မောင်ငြိမ်း၊ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အဖွဲ့ဝင် နော်ဆာထူး၊ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စ ရေနာတာလော့ခ် ဒက်စယ်လီယန်တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် JMC နည်းပညာအထောက် အကူပြုရုံးအဖွဲ့အလုပ်အမှုဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာမင်းဇော်ဦးက JMC လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအား ပြောကြားပြီး မြန်မာနိုင်ငံကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ညွှန်ကြားရေးမှူး မစ္စတာ ပီလာ ဘက်ခ်ျလာက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုပလက်ဖောင်းအစီ အစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုပလက်ဖောင်းစတင်သည့် အခမ်း အနားသို့ အလှူရှင်များ၊ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက တာဝန်ရှိသူအချို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။
ဗိုလ်မှူးကြီးဝဏ္ဏအောင်(အတွင်းရေးမှူး-၂)
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ
ဒီနေ့လုပ်တဲ့JMC Support Platform က JMCအတွက် အသုံးပြုမယ့် ရန်ပုံငွေကို ကုလသမဂ္ဂ(UN)ကနေတစ်ဆင့် ဆောင်ရွက်ဖို့ အရင်ကတည်းက ဆုံးဖြတ်ထားပါတယ်။ ဆုံးဖြတ်ချက်အတိုင်း UN ထောက်ပံ့မှု စပေးနိုင်ပါပြီ။ ဒါကြောင့် ဒီအခမ်းအနားကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထောက်ပံ့တဲ့ ရန်ပုံငွေလည်းရပြီ။ ဘာတွေဆောင်ရွက်မလဲ ဆိုရင်JMC-Uမှာ နှစ်လတစ်ကြိမ် အစည်း အဝေးလုပ်မယ်။ အဲဒီအစည်းအဝေးကနေ တိုင်းရင်းသားတွေ၊ အရပ်သားကိုယ်စားလှယ် ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
မိုင်းရှင်းလင်းရေးကNCA မှာလည်းပါ တယ်။ ဆွေးလည်းဆွေးနွေးနေတယ်။ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အရင်က တပ်မတော်သားကိုယ်စားလှယ်တွေ အဆိုပြုတဲ့ ကရင်ပြည်နယ်မှာ Pilot Project ရှေ့ပြေး စီမံချက်တွေ ဆောင်ရွက်သွားဖို့စီမံထား တာတော့ရှိခဲ့ပါတယ်။JCB ကနေတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း JMC ကို ခွင့်ပြုပါတယ်။
ဒေါက်တာရွှေခါးရ်(အတွင်းရေးမှူး-၁)
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ
ဘတ်ဂျက်ကတစ်နှစ်စာ ဒေါ်လာ ၆ ဒသမ ၅ သန်းရှိတယ်။ ဒါကို နိုင်ငံတကာက စုပေါင်းထည့်ဝင်တာပါ။ အခုပထမနှစ် အတွက်ပါ။ ဒေသန္တရအဆင့်JMC-L တွေ ဖွဲ့ဖို့ရှိတယ်။ နောက်NCAလက်မှတ်ထိုးတဲ့ အဖွဲ့တွေ ပိုပြီးများလာရင် ဒီထက်ကြီးလာမှာ ပေါ့။ အခုက ဒေသန္တရအဆင့် JMC-L ၁ဝ ခုအတွက် ရည်မှန်းထားတယ်။ အခုက ဒေသန္တရအဆင့်ဖွဲ့ဖို့ ရှေ့အပတ်ထဲမှာ အစည်း အဝေးရှိတယ်။ ဒါကိုသဘောတူရင် စဖွဲ့မယ်။ ဘယ်နေရာစလုပ်မယ်ဆိုတာကို လျာထားတာ တော့မရှိဘူး။ ၁ဝ နေရာလုပ်မယ်လို့ပဲ ရည်ရွယ်ထားတာရှိတယ်။ ကြည့်ရမှာက Local Level ဖွဲ့မယ်ဆို ထိတွေ့မှုရှိနိုင်မယ့် ဖြစ်နိုင်ခြေများတဲ့ နေရာတွေမှာဖွဲ့မယ်။
ဒေါ်လာ ၆ ဒသမ ၅ သန်းသုံးစွဲဖို့ အသေးစိတ် စီစဉ်ရေးဆွဲထားတာရှိတယ်။ ကော်မတီတွေက ဒေသအဆင့်ကနေ ပြည်ထောင်စုအဆင့်ထိ သတ်မှတ်ထားတဲ့ အစည်းအဝေးတွေ လုပ်မယ်။ နံပါတ်တစ် အနေနဲ့ လိုအပ်တဲ့ဝန်ထမ်းတွေ ခန့်မယ်။ နောက် အရည်အသွေး မြှင့်တင်မှုလုပ်မယ်။ နောက် ပူးတွဲနယ်လှည့်စောင့်ကြည့်တာကို အသေအချာလုပ်ရမယ်။ ဒေသန္တရအဆင့်တွေ ဆက်လက်ဖွဲ့မယ်။
ဦးကိုကိုကြီး
JMC-U ပြည်ထောင်စုအဆင့် ကော်မတီဝင်
NCA စာချုပ်ထဲမှာမှJMC ဟာစာချုပ် ချုပ်ဆိုထားတဲ့ အချက်တွေအတိုင်းလိုက်နာမှု ရှိ၊ မရှိကို စောင့်ကြည့်ဖို့အတွက် အရေးပါတဲ့ ယန္တရားတစ်ခုဖြစ်တယ်။ အဲဒီယန္တရား အတွက် တိုင်းရင်းသားဘက်ကရော၊ အစိုးရ ဘက်ကရော၊ အရပ်သားကိုယ်စားလှယ်တွေ ဘက်ကရော ပါဝင်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ပုံစံရေးဆွဲဖွဲ့စည်းထားတယ်။ ဒါကို ထိရောက် မှုရှိဖို့ကNCA တစ်ခုလုံးအတွက်အရေးကြီး တယ်။JMC ကိုထောက်ပံ့တာJMC နဲ့ အလှူရှင်တွေ ဆက်ဆံတဲ့နေရာမှာ ကုလ သမဂ္ဂလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နောက်တစ်ခါ ဘက်မလိုက်တဲ့ အဖွဲ့အစည်း တွေကြားခံထားတော့ အလှူရှင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဘယ်နိုင်ငံကထောက်ခံ တယ်။ ဘယ်နိုင်ငံက လက်မခံဘူးဆိုတာမျိုး မဖြစ်တော့ဘဲ ဘုံပလက်ဖောင်းတစ်ခုတည် ဆောက်ပြီးတော့ လှူဒါန်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မျှတပြီး ဘက်မလိုက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ်ဖို့အတွက် အများကြီးအထောက် အကူပြုပါတယ်။
JMC မှာအပိုင်း နှစ်ပိုင်းရှိမယ်။ တစ်က စစ်ဘက်ဆိုင်ရာကိစ္စတွေကို စောင့်ကြည့်မယ်။ နောက်တစ်ခုကအရပ်သားတွေ ကာကွယ်ပေး မှုကိုစောင့်ကြည့်တာရှိတယ်။ အဲဒါတွေအားလုံး ဆက်လက်ဆောင်ရွက်ဖို့ အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ ဘယ်လောက် အောင်မြင်အောင် ဆောင်ရွက် နိုင်သလဲ။ အဲဒီမှာရှိတဲ့ ပြည်သူတွေဟာ NCA ရဲ့ အကျိုးကိုဘယ်လောက်အထိခံစားနိုင် တယ်ဆိုတာကို ပြသနိုင်တာနဲ့အမျှ လက်မှတ် မထိုးသေးတဲ့ဒေသက ပြည်သူတွေနဲ့ အဖွဲ့ အစည်းတွေ လက်မှတ်ထိုးခြင်းကြောင့် ရလာနိုင်တဲ့ အသီးအပွင့်တွေ အကျိုးအမြတ် တွေကိုသက်သေပြနိုင်မယ်။ မထိုးသေးတဲ့ အဖွဲ့တွေကိုလည်း ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်မိတယ်။
စစ်ဘေးကြောင့်၊ စီးပွားရေးကြောင့် ရွှေ့ပြောင်းစွန့်ခွာသွားတဲ့IDPs တွေကို လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ ပြန်လည် ဝင်ရောက်လာနိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်ရမယ်။ နေရပ်စွန့်ခွာသွားသူတွေ လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာဖို့အတွက် သူတို့ မူလနေထိုင်ခဲ့ရာဒေသတွေမှာ မိုင်းရှင်းလင်း ရေးတွေရှိမယ်။ အိုးအိမ်နဲ့အသက်မွေး ဝမ်းကျောင်း ပြန်လည်ထူထောင်ဖို့ရှိမယ်။ မိုင်းရှင်းလင်းရေးအတွက် ပထမအနေနဲ့ Pilot Project ရှေ့ပြေးစီမံချက်တွေ ညှိနှိုင်းပြီး အထူးသဖြင့် Public ဧရိယာတွေ ရှင်းမယ်။ ဈေးတို့၊ ကျောင်းတို့နဲ့ ရွာတွေကဘယ်နေရာတွေ ရှေ့ပြေးစီမံချက်အဖြစ် မိုင်းရှင်းလင်းရေး လုပ်နိုင်ဖို့ ညှိနှိုင်းနေတာတွေ ရှိပါတယ်။ စစ်ရေးလိုအပ်ချက်ကြောင့် ထောင်ထားတဲ့ မိုင်းတွေကတော့ နောက်ပိုင်းတဖြည်းဖြည်း ဆောင်ရွက်မယ်။
သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်

No comments:

Post a Comment