Monday, May 29, 2017

မြန်မာ့ရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပွဲတွင် သန့်ဇင်ထွန်းက ပြိုင်ဘက်ကိုပထမအချီမှာပင် အလဲထိုးအနိုင်ယူ
=================================================
ရန်ကုန် မေ ၂၈
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ ဂျပန်နိုင်ငံ Manda က ပံ့ပိုးကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။
ယနေ့ကျင်းပသော လက်ဝှေ့ပြိုင်ပွဲ တွင် သုံးချီပြိုင်ပွဲ လေးပွဲ၊ လေးချီ စိန်ခေါ်ပွဲ သုံးပွဲနှင့် ငါးချီစိန်ခေါ်ပွဲ တစ်ပွဲတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
ပထမဆုံးယှဉ်ပြိုင်သည့် သုံးချီ စိန်ခေါ်ပွဲတွင် ရဲထက်စိုး (T&T)နှင့် စိန်းနန်းအောင် (ဗမာ့သွေး)တို့ တွဲဆိုင်း ပထမအချီမှာပင် စိန်းနန်းအောင် အနားတောင်းလိုက်ရပြီး ပြန်အတည်တွင် ရဲထက်စိုး၏ ညာဖြောင့်လက်သီး တစ်လုံးတည်းဖြင့် စိန်းနန်းအောင်ကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သည်။ ငြိမ်းချမ်း(ဖီးနစ်ကလပ်)နှင့် စိုးမိုးနိုင်(AMT)တို့ ပွဲစဉ် ပထမအချီမှာပင် စိုးမိုးနိုင်၏ဖြောင့်လက်သီးကြောင့် အနားတောင်းလိုက်ရသည့် ငြိမ်းချမ်းမှာ ဒုတိယအချီတွင် စိုးမိုးနိုင် ညာဘက်တံတောင်က ပြိုင်ဘက် ငြိမ်းချမ်းကိုလဲကျစေပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ နိုင်ဝင်းထွန်း (ရာမညအားမာန်)နှင့် လင်းယဉ်သွေး(စစ်ကိုင်း)တို့ ပွဲချီပြည့်ယှဉ်ပြိုင်ကြသော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သည်။
ရွှေကျား(စစ်ကိုင်း)နှင့် ရွှေဝင်းမောင်(AMT)တို့ပွဲစဉ်တွင် တစ်ကြိမ် အနားတောင်းခဲ့ပြီး ရွှေဝင်းမောင် ဒုတိယအချီမှာပင် ရွှေကျားကိုအရှုံးပေးလိုက်ရသည်။ လေးချီပွဲစဉ်များဖြစ်သည့် ချစ်ဆူးငယ် (T&T)နှင့် မိုးလေး (ဗမာ့သွေး)၊ စိန်လုံးချော(ဗမာ့သွေး)နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)တို့ တွဲဆိုင်းများမှာ ပွဲချီပြည့်ယှဉ်ပြိုင်ပြီး အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သော်လည်း တက်လူငယ်များပီပီ ကြံ့ခိုင်မှုစွမ်းရည်နှင့် သက်လုံအားကောင်းစွာ မညှာစတမ်း ယှဉ်ထိုးသတ်သွားခဲ့သဖြင့် ပရိသတ်အကြိုက်ပွဲကောင်းများဖြစ်ခဲ့သည်။
လမ်းမယူ(ရာမညအားမာန်) နှင့် ဇမ္ဗူထွန်း (AMT)တို့တွဲဆိုင်း ပထမအချီ မှာပင် လမ်းမယူ ဘယ်ညာလက်သီးတွဲလုံးများကြောင့် ဇမ္ဗူထွန်း အနားတောင်းလိုက်ရပြီး ဒုတိယအချီပြန်အတည်တွင် ပါဝါပြင်းသည့် လမ်းမယူ၏ ထောက်လက်သီးက ဇဗ္ဗူထွန်းမေးရိုးထိပြီး ပြန်မထနိုင်တော့သဖြင့် လမ်းမယူ အလဲထိုးအနိုင်ရခဲ့သည်။
ယနေ့ကျင်းပသော လက်ဝှေ့ပြိုင်ပွဲများအနက် နောက်ဆုံးပွဲစဉ်ဖြစ်သည့် ငါးချီယှဉ်ပြိုင်ပွဲတွင် ထွန်းလင်းခန့်(စစ်ကိုင်း)နှင့် သန့်ဇင်ထွန်း (ကျားဘုရင်/သထုံ) တို့ပွဲစဉ်တွင် သန့်ဇင်ထွန်း၏ ပါဝါပြင်းသည့် ညာဖြောင့်လက်သီးများက ထွန်းလင်းခန့်မျက်နှာကို နှစ်ကြိမ်တိုင်ထိသဖြင့် အမှတ်စဉ်တစ်ကြိမ်ရေတွက်ခံရပြီး တစ်ကြိမ်အနားတောင်းခဲ့ရသည်။ ပြန်အတည်တွင် ကြံ့ခိုင်မှုစွမ်းရည်ကျနေသည့် ထွန်းလင်းခန့် ဆက်လက်ယှဉ်ပြိုင်ရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်ခဲ့ပြီး ပထမအချီ ၁ မိနစ် ၅ဝ စက္ကန့်မှာပင် သန့်ဇင်ထွန်းက ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရခဲ့သည်။
(အောင်ကျော်ဦး)

No comments:

Post a Comment