Wednesday, May 31, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့နှင့်တွေ့ဆုံ



Image may contain: 6 people, people sitting, table and indoor
နေပြည်တော် မေ ၃ဝ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ပူးပေါင်းလုပ်ငန်း စဉ်အဖွဲ့ (Joint Strategy Team1- JST) မှ တာဝန်ရှိသူများအား အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် Joint Strategy Team တွင် ပါဝင်သော အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့အနေဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်ရှိ မကြာသေးမီ ကာလအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့်ဒေသ၌ ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလိုအပ်ချက်များ လေ့လာဆန်း စစ်မှုအခြေအနေနှင့် နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ရှေ့ပြေးစီမံချက် အဆိုပြုလွှာတို့ကို တင်ပြသည်။
ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များ တင်ပြရာတွင် တိုက်ပွဲရှောင် ပြည်သူများအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် အစီ အစဉ်များ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာဆောင်ရွက်မည့် အစီအစဉ်များ၊ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသားများ ပညာဆက်လက်သင်ကြားခွင့်ရရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးအတွက် နိုင်ငံတော်နှင့် ဒေသခံအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို တင်ပြခဲ့ကြသည်။
ဝန်ကြီးဌာနဘက်မှလည်း တိုက်ပွဲ ရှောင်စခန်းများအတွက် လူသားချင်းစာနာကူညီမှု၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးမှု၊ ဥပဒေနှင့်အညီ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး စသည်ဖြင့် ထိခိုက်အားနည်းလွယ်သူများအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး အဖွဲ့၏ တင်ပြချက်များအပေါ် ကူညီဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment