Tuesday, May 30, 2017

တောင်အမေရိကရဲ့ ထွန်းတောက်လာမယ့် လူငယ်ကြယ်ပွင့် မာတီနက်ဇ်



မိုးမြင့်လင်းလက်


ဒီနှစ်ဘောလုံးရာသီကုန်ဆုံးသွားပြီဖြစ်လို့ ဥရောပပြည်တွင်းလိဂ်ထိပ်တန်းအသင်းတွေဟာ လာမယ့်ဘောလုံးရာသီအတွက် ခြေစွမ်းထက်မြက်တဲ့ ဘောလုံးသမားသစ်တွေကို ဝယ်ယူဖြည့်ဆည်းဖို့ စတင်ကြိုးစားနေကြပြီဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာ ခြေစွမ်းကောင်းမွန်တဲ့ လူငယ်ကစားသမားတွေ အများအပြား ထွက်ပေါ်နေတာမို့ ထိပ်တန်းအသင်းတွေ လည်း လူငယ်ဘောလုံးသမားတွေဘက် စိတ်အာရုံညွှတ်ပြီးခေါ်ယူဖို့ အားထုတ်နေကြပါတယ်။ အဲဒီလူငယ်ခြေတက်တွေထဲမှာမှ တောင်အမေရိကရဲ့ လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ မာတီနက်ဇ်ကို ထိပ်တန်းအသင်းတွေက မျက်စိကျနေပြီဖြစ်ပါတယ်။
နာမည်အပြည့်အစုံက လာအူတာရို မာတီနက်ဇ်ဖြစ် ပြီး အာဂျင်တီးနားနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် သြဂုတ် ၂၂ ရက်မှာ မွေးဖွားခဲ့သူမို့ အခုဆိုရင် အသက် ၁၉ နှစ်ကျော်ပဲ ရှိပါသေးတယ်။ တိုက်စစ် စွမ်းရည်ကောင်းတွေ ပြသနေတဲ့ မာတီနက်ဇ်ဟာ အာ ဂျင်တီးနားကလပ် ရေဆင်းမှာ လက်ရှိကစားနေပြီး အသင်းအတွက် တိုက်စစ်မှူးကောင်းတစ်ဦးအဖြစ် ရပ် တည်နေသူဖြစ်ပါတယ်။
ရေဆင်းအသင်းကို အသက် ၁၇ နှစ်အရွယ်မှာ ရောက်ရှိခဲ့ပြီး ကျောနံပါတ် ၃၂ ဝတ်ဆင်ကာ တိုက်စစ် မှူးအဖြစ် ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ ၂ဝ၁၅ ခုနှစ်မှာ ပဲ ရေဆင်းအသင်းအတွက် ၂၃ ပွဲ ကစားပေးခဲ့ပြီး ခုနစ် ဂိုးသွင်းယူနိုင်ခဲ့လို့ အသင်းအုပ်ချုပ်သူတွေက မာတီ နက်ဇ်ကို တိုက်စစ်မှူးကောင်းတစ်ဦးအဖြစ် အလား အလာရှိတာကြောင့် ပွဲထွက်ခွင့်များများပေးခဲ့ပြီး နှစ် ရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ အရပ် ၅ ပေ ၉ လက်မရှိတာမို့ တိုက်စစ်မှူး တစ်ဦးမှာရှိသင့်ရှိထိုက်တဲ့ အနေအထား ဖြစ်ပြီး ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်သန်မာမှုရှိတာမို့ ပြိုင် ဘက်ခံစစ်မှူးတွေကို ကျော်ဖြတ်နိုင်သလို အမြင့်ဘော တွေကိုလည်း ခေါင်းတိုက်ဂိုးသွင်းနိုင်သူတစ်ဦးဖြစ်ပါ တယ်။
မာတီနက်ဇ်ဟာ လောလောဆယ်မှာတော့ ၂ဝ၁၇ ဖီဖာယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီး နားအသင်းအတွက် ပါဝင်ကစားပေးနေပြီး သုံးပွဲကစား ပြီးချိန်မှာ ငါးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကစားသမားကောင်းတွေထွက်ပေါ်ရာ တောင်အမေ ရိကမှာတော့ မာတီနက်ဇ်ဟာ ထူးချွန်တဲ့တိုက်စစ်မှူး ကောင်းတစ်ဦးအဖြစ် ပေါ်ထွက်ခဲ့ပြီဖြစ်တာမို့ အခုဆို ရင် အာဂျင်တီးနား လူငယ်တိုက်စစ်မှူးတွေထဲမှာ ထူးထူးခြားခြားခြေစွမ်းပြနိုင်တဲ့သူအဖြစ် အားလုံးက အသိအမှတ်ပြုထားကြပါတယ်။
မာတီနက်ဇ်ဟာ အာဂျင်တီးနား ယူ-၂ဝ ဘောလုံး အသင်းအတွက် စုစုပေါင်း ၁၁ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ရှစ်ဂိုးအထိ ရှိထားပြီး ဂိုးတွေဆက်လက်သွင်း ယူဖို့ ရှိနေပါတယ်။ မာတီနက်ဇ်ရဲ့ ခြေစွမ်းကောင်းမွန်မှု ကြောင့် မန်ယူ၊ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာကြပြီဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ပြိုင်ဘက်ခံစစ်မှူးတွေကို အရှိန် အဟုန်နဲ့ ကျော်ဖြတ်နိုင်သလို ပြိုင်ဘက်ဂိုးဧရိယာအတွင်း မှာ အကောင်းဆုံးလှုပ်ရှားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦး လည်း ဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ အထူးချွန်ဆုံး အရည် အချင်းတော့ အဆုံးသတ်ဂိုးသွင်းမှု ကောင်းမွန်တာဖြစ် ပြီး ကြုံသလို အနေအထားနဲ့ ဂိုးသွင်းနိုင်သူပဲဖြစ်ပါတယ်။
ဒါကြောင့် မာတီနက်ဇ်ဟာ တောင်အမေရိကရဲ့ တိုက်စစ်မှူးကောင်းတွေဖြစ်တဲ့ မက်ဆီ၊ အဂူရိုတို့လို ထွန်းတောက်လာမယ့် တောင်အမေရိကရဲ့ ကြယ်ပွင့် အဖြစ် ရောက်ရှိလာမယ့် ကစားသမားတစ်ဦး ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါ တယ်။ ။

No comments:

Post a Comment