Monday, May 29, 2017

ဂျီ-၇ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တွင် တူညီသောသဘောထားနှင့် ကွဲပြားသောသဘောထားများ ထင်ဟပ်နေ



Image may contain: 7 people, people standing
တော်မီနာ(အီတလီ) မေ ၂၈
စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံအုပ်စု (ဂျီ-၇)ခေါင်းဆောင်များ၏ နှစ်ရက်ကြာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ပေါ်ထွက်လာသော ပူးတွဲကြေညာချက်တွင် ကမ္ဘာ့စက်မှုနိုင်ငံများ၏ တူညီသော သဘောထားရပ်တည်ချက် နှင့် မတူကွဲပြားသော သဘောထားရပ်တည်ချက်များ ထင်ဟပ်လျက်ရှိကြောင်း နိုင်ငံရေးလေ့လာစမ်းစစ်သူများက မေ ၂၈ ရက်တွင် ပြောကြားကြသည်။
နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့က ဥရောပသမဂ္ဂ(အီးယူ)နှင့်အတူ တူညီသောသဘောထားရပ်တည်ချက်ကို ကိုင်စွဲကြသော်လည်း ရာသီဥတုပြောင်းလဲမှု ပြန်လည်ထိန်းညှိရေးကိစ္စရပ်တွင်မူ ယင်း နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သဘောထားကွဲလွဲမှုကိုတွေ့မြင်ရကြောင်း တရုတ်နိုင်ငံ ရန်မင်းတက္ကသိုလ်အောက်ရှိ ချုံယန်း ဘဏ္ဍာရေးလေ့လာမှုသိပ္ပံမှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဂျွန်ဂျေကာတွန်က ပြောကြားသည်။ ၎င်းသည် ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်အောက်ရှိ ကမ္ဘာ့ရေးရာလေ့လာရေး ကောလိပ်၏ ဂျီ-၇ သုတေသနအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး တရုတ်နိုင်ငံ၌ ဧည့်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
စွမ်းအင်လုံခြုံရေးအတွက် ဂျီ-၇ နိုင်ငံများက အလေးပေးကြောင်း၊ သန့်ရှင်းသော စွမ်းအင်နည်းပညာကို အားပေးမြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်နေရာများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သန့်ရှင်းသော စွမ်းအင်ဆိုင်ရာနည်းပညာနှင့် ဘဏ္ဍာရေးအထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြခြင်းမှာ ဂျီ-၇ ၏ တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း ပါမောက္ခ ကာတွန်က ပြောကြားသည်။
ထောက်ပံ့ရေးလမ်းကြောင်းများ၏ ကွန်ရက်ဖြင့် ချိတ်ဆက်ထားသော ကမ္ဘာကြီးတွင် လွတ်လပ်သောကုန်သွယ်မှုအပေါ် အမေရိကန်၏ စီးပွားရေး တည်မှီနေပုံကို ဒေါ်နယ်ထရန့်၏အစိုးရအဖွဲ့က တစ်စစ သိရှိနားလည်လာ လိမ့်မည်ဟု မိမိယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment