Monday, May 1, 2017

မြေပြန့်ဒေသကိုရောက်တော့ ဒီဒေသတွေရဲ့ အစစအရာရာ ဖွံ့ဖြိုးမှုကိုကြည့်ပြီး ကိုယ့်ဒေသလည်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်


Image may contain: 1 person, eyeglasses
ပညာရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား ကျောင်းသူများအဖြစ် လေ့ကျင့်ပျိုးထောင်ရန်အတွက် လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကာလအတော်ကြာ ရပ်နားထားခဲ့သည်။ ၂ဝ၁၃ ခုနှစ်မှစ၍ လူရည်ချွန်စီမံကိန်းကို ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်လာခဲ့ကာ ပုဂံ၊ အင်းလေး၊ ငွေဆောင်တို့တွင် စခန်းများဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ နေထိုင်အပန်းဖြေခြင်း၊ လေ့လာရေးခရီးစဉ်များ၊ ဟောပြောပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်က ယခုနှစ်တွင်လည်း ပုဂံ၊ အင်းလေး၊ ငွေဆောင်တို့တွင် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများအား အပန်းဖြေလေ့လာနိုင်ရန် ပို့ဆောင်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အပန်းဖြေစခန်း (ငွေဆောင်)တွင် ရောက်ရှိနေသည့် ပညာရေးဌာနမှ တာဝန်ရှိသူနှင့် တက္ကသိုလ် ဝင်တန်း ဖြေဆိုထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘက်စုံပညာ ထူးချွန် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
အပန်းဖြေစခန်း(ငွေဆောင်)စခန်းမှူး၊
 ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်စိုး
လူရည်ချွန်တွေ ဒီကို အဆင်ပြေချောမွေ့စွာ ရောက်ရှိဖို့ စနစ်တကျ ဆောင်ရွက်ခဲ့တယ်။ နေထိုင်စဉ်ကာလမှာ အေးချမ်းစွာ၊ ဘေးအန္တရာယ်ကင်းစွာ၊ လုံခြုံစွာနဲ့ အပန်းဖြေနေထိုင်နိုင်ဖို့အတွက် အဘက်ဘက်က စီမံဆောင်ရွက် ထားရှိပြီးဖြစ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာတွေကိုလည်း ကျန်းမာ ရေးနဲ့ ပြည့်စုံမှု ရှိ၊ မရှိ ကျန်းမာရေးဌာနက အမြဲတမ်းစစ်ဆေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက်လည်း တည်းခိုရာဟိုတယ်တွေမှာ ဆေးခန်းတွေဖွင့်ထားပြီး ဆရာဝန်၊ ဆရာမတွေ အရန်သင့်ဆောင်ရွက်ထားပါ တယ်။ ဒေသန္တရ ဗဟုသုတရဖို့လည်း လေ့လာရေးခရီးတွေ စီစဉ်ပေးထားပါတယ်။
စိုင်းစံရွက်ဆိုင် (ရှမ်းပြည်နယ်၊ လင်းခေးမြို့၊ အထက-လင်းခေး)
ငွေဆောင်ကမ်းခြေက ပထမဆုံးရောက်ဖူးတာ။ ပင်လယ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ သိခွင့်ရတယ်။ အချင်းချင်း ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ ဖလှယ်ခွင့် ရတယ်။ ခရီးဝေးကို ဒါပထမဆုံးသွားဖူးတာပါ။ ခရီးစဉ်တစ်လျှောက်မှာတော့ လေ့လာစရာတွေ၊ ဗဟုသုတတွေ အများကြီးရတယ်။လူရည်ချွန်ဟောင်းကြီးတွေနဲ့ တွေ့ခွင့်ရတဲ့အတွက် သူတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်း တွေကိုလည်း လုပ်ချင်လာတယ်။ ရည်မှန်းချက်ကတော့ တိုးရစ်ဂိုက်တစ်ယောက် ဖြစ်ချင်တယ်။ ငယ်ငယ်ကတည်းက ခရီးသွားရတာ ဝါသနာပါတယ်။
ခမ်းဆုန် (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နယ် အထက-၂)
အပန်းဖြေလေ့လာရေးခရီးစဉ်မှာ တိုင်းရင်းသားမျိုးစုံပါတယ်။ ဒီခရီးစဉ်က အတွေ့အကြုံသစ်တွေရသလို သူငယ်ချင်းအသစ်တွေလည်း ရတယ်။ ဒါမျိုး ခရီးရှည်မထွက်ဖူးဘူး။ ပင်လယ်ကို ပထမဆုံး မြင်ဖူးတာ။ စိတ်လှုပ်ရှားမိ တယ်။ ဒီနေ့လည်း လူရည်ချွန်ဟောင်းကြီးတွေနဲ့တွေ့ရပြီး သူတို့ပြောတာတွေ နားထောင်ရတော့ အတွေ့အကြုံအသစ်တွေရတယ်။ စိတ်ဓာတ်ခွန်အားတွေ ဖြစ်မိတယ်။ ပိုပြီးကြိုးစားချင်စိတ်တွေ ပေါ်လာတယ်။
သော်တာစိုး (မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထက-၁)
ကိုယ့်မရောက်ဖူးတဲ့ ဒေသရောက်တဲ့အတွက် ဆန်းဆန်းပြားပြား အတွေ့ အကြုံတွေရတယ်။ သူငယ်ချင်းတွေလည်း အများကြီးရတယ်။ သူတို့ဒေသ အကြောင်းတွေလည်း သိခွင့်ရခဲ့တယ်။ တိုင်းရင်းသား သူငယ်ချင်းတွေလည်း ပါတယ်။ ဘာသာစကား အခက်အခဲရှိပေမယ့် ပြောဆိုဆက်ဆံရတာ အဆင်ပြေ ပါတယ်။ ထူးချွန်တဲ့ လူငယ်တွေကို နိုင်ငံတော်က မြေတောင်မြှောက်ပေးနေတယ်။နောင်လာမယ့် ညီငယ်ညီမငယ်တွေလည်း လူရည်ချွန်တွေဖြစ်ဖို့ ကြိုးစားစေချင် တယ်။
အီဆတ်လာလ်ဒင့်ပွီးအာ (ချင်းပြည်နယ်၊ ဖလမ်းမြို့ အထက-၁)
ငွေဆောင်ကမ်းခြေကို ပထမဆုံးရောက်ဖူးတာပါ။ မြေပြန့်ဒေသကို ရောက်တော့ ဒီဒေသတွေရဲ့ အစစအရာရာ ဖွံ့ဖြိုးမှုကိုကြည့်ပြီး ကိုယ်ဒေသ လည်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒီခရီးစဉ်က အတွေ့အကြုံသစ်တွေ၊ ဗဟုသုတတွေ အများကြီးရတယ်။ ဆရာ ဆရာမတွေကလည်း ဂရုစိုက်ကြပါ တယ်။ နောက်ရက်တွေလည်း လေ့လာရေးခရီးတွေ ပို့ပေးမယ်လို့ပြောတယ်။နောင်တစ်ချိန် လုပ်ငန်းခွင်ရောက်တဲ့အခါ ဒီအတွေ့အကြုံတွေက ဘဝအတွက် တန်ဖိုးရှိလာမှာပါ။
ချစ်ဆွေဇင်ခိုင် (ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဘောလခဲ အထက)
ငွေဆောင်ကမ်းခြေက ဒါပထမဆုံးရောက်ဖူးတာပါ။ ငွေဆောင်ကမ်းခြေ ရောက်တော့ မွန်းကျပ်တာတွေ လွတ်ထွက်သွားပြီး စိတ်တွေပေါ့ပါးလန်းဆန်း သွားတယ်။ဘောလခဲမှာတော့ သိပ်မစည်ဘူး။ ဖွံ့ဖြိုးမှုလည်း နောက်ကျနေတယ်။ပညာရေးမှာလည်း မြို့ကြီးတွေနဲ့ကွာတယ်။ ဆရာ ဆရာမ အင်အားလည်း နည်းတယ်။ ဒီခရီးက ပင်လယ်ပြင်သဘာဝနဲ့ ပတ်ဝန်းကျင်သဘာဝ အတွေ့ အကြုံတွေ အများကြီးရတယ်။ ဘဝရည်မှန်းချက်ကတော့ ငွေကြေးကို အဓိက မထားဘဲ ကိုယ့်စိတ်ဝင်စားရာ၊ ဝါသနာပါရာလုပ်မယ်။
နော်အယ်ပဟီဖော (ကရင်ပြည်နယ်၊ လှိုင်းဘွဲ့၊ အထက-ရွှေဂုံ)
စက်စဲကမ်းခြေတော့ ရောက်ဖူးတယ်။ ငွေဆောင်ကမ်းခြေက ဒါပထမဆုံး ရောက်ဖူးတာပါ။အတွေ့အကြုံတွေ အများကြီးရတယ်။ တိုင်းရင်းသားတွေ အစုံပါတော့ သူတို့ကလည်း ကိုယ်ဘာသာစကား သင်တယ်။ ကိုယ်တွေကလည်း သူတို့ဘာသာစကားသင်နဲ့ ပျော်စရာကောင်းပါတယ်။ တချို့သူငယ်ချင်းတွေဆို စကားက တအားဝဲတော့ မနည်းနားထောင်ရတယ်။ဘဝမှာ ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ချင်တယ်။
ဆုမွန်ကျော် (ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အထက-၂)
အခုလို လေ့လာရေးအပန်းဖြေခရီးလာရတာ ကိုယ့်ပြည်နယ်ထဲကတင် မဟုတ်ဘဲ တခြားပြည်နယ်၊ တိုင်းတွေကလည်းပါတော့ တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားတယ်။ ရင်းနှီးမှုတွေဖြစ်ပြီး သူတို့ဒေသရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့တွေ သိခွင့်ရခဲ့တယ်။ ရခိုင်မှာနေတာ့ ငပလီဘက်တော့ ရောက်ဖူးပါတယ်။ ငွေဆောင်က ဒါပထမဆုံးအကြိမ်ပါ။ မြေပြန့်ဒေသတွေမှာက လမ်းပန်းဆက်သွယ်ရေးက အားလုံးအဆင်ပြေတယ်။ အမ်းမှာက တောင်ကုန်း တောင်တန်းတွေများတော့ သွားရေးလာရေးခက်ခဲပါတယ်။ ဘဝရည်မှန်းချက်က ကလေးအထူးကုဆရာဝန်ဖြစ်ချင်တယ်။
လှယဉ်ကျေး (မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက-၉)
ဒီခရီးစဉ်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ညီအစ်မတွေလို ပဲ ပျော်စရာကောင်းတယ်။ ရပ်ရွာက ပြည်သူတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကျောင်းစာနဲ့ ပတ်သက်ပြီး ဆရာမတွေ သင်ကြားတဲ့အတိုင်း ကြိုးစားကျတ်မှတ်ပါတယ်။ ဗဟုသုတအနေနဲ့ ကိုယ်တိုင်လည်း ဗဟုသုတရမယ့်စာတွေ ရှာဖတ်တယ်။ အားကစားနဲ့ပတ်သက် ပြီး လေ့ကျင့်တာတွေလည်း လုပ်ရပါတယ်။ ဘဝမှာ နိုင်ငံအတွက် အကျိုးပြုမယ့် နှလုံးခွဲစိတ်ဆရာဝန်ကြီး ဖြစ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - နေလင်း

No comments:

Post a Comment