Monday, May 1, 2017

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

Image may contain: 4 people
နေပြည်တော် ဧပြီ ၃ဝ
၂ဝ၁၇ ခုနှစ် မေ ၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များသည် ဖွား၊ ပွင့်၊ ဟော၊ စံ လေးဌာနတို့၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြပြီး ခုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ယနေ့နံနက် ၆နာရီတွင် နေပြည်တော် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူသည် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၄ဝဝ ဖြင့် နေပြည်တော်ရှိ သတ္တသတ္တာဟ စေတီတော်မြတ်ကြီးနှင့် သံဝေဇနိယ လေးဌာနဖြစ်သည့် ဖွား၊ ပွင့်၊ ဟော၊ စံ ဌာနတို့တွင် ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီး နေပြည်တော် ခုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံ ကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
၁၉၄၆ ခုနှစ် မေ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေး၌ ပထမဆုံးအကြိမ် ဗမာ နိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကို စတင်ကျင်းပရာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မေ ၅ ရက်နေ့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် သတိပေးလှုံ့ဆော်မှုအထိမ်းအမှတ်အခမ်းအနားကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပခဲ့သည်မှာ ၂ဝ၁၇ ခုနှစ် မေ ၅ ရက်တွင် (၇၁)နှစ်မြောက် တိုင်ခဲ့ပြီဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment