Monday, May 1, 2017

ဆက်သွယ်ရေးစနစ် သွက်လက်ခိုင်မာပါမှ



Image may contain: text
မျက်မှောက်ကာလမှာ ကမ္ဘာပေါ်တွင် သိပ္ပံနှင့်နည်းပညာများ ထွန်းကားနေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များအပြင် စစ်ရေးနယ်ပယ်များတွင် နည်းပညာကို ထိရောက်စွာအသုံးချနိုင်သည့် အဖွဲ့အစည်းများမှာ အခြားအဖွဲ့အစည်းများထက် တစ်ပန်းသာ၍ ဦးဆောင် ဦးရွက်ပြုနိုင်ကြသည်။ နည်းပညာသည် ခေတ်မီရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။
တိုင်းပြည်တွင် သယံဇာတနှင့် လူသားအရင်းအမြစ်များ မည်မျှပေါများစေကာမူ နည်းပညာကို အသုံးမချနိုင်သရွေ့ အချည်းအနှီးသာ ဖြစ်ပေလိမ့်မည်။ နည်းပညာများကိုပိုင်ဆိုင်နိုင်ပါလျှင် သယံဇာတနှင့် လူ့စွမ်းအားများ နည်းပါးသော်လည်း ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ်သို့ ရောက်ပေလိမ့်မည်။ နည်းပညာများကိုပိုင်ဆိုင်သဖြင့် ချမ်းသာကြွယ်ဝသောနိုင်ငံများမှာ ကမ္ဘာ့အလယ်တွင် လူတွင်ကျယ်ဖြစ်နေသည်။
ချမ်းသာကြွယ်ဝသောနိုင်ငံဖြစ်စေ၊ အလယ်အလတ်အဆင့်ရှိသော နိုင်ငံဖြစ်စေ၊ နောက်ဆုံးမဖွံ့ဖြိုးသေးသော နိုင်ငံများတွင်ပင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးစနစ်ကို မိမိတို့တတ်နိုင်သမျှနှင့် အသုံးချကြသည်။ စီးပွားရေးနှင့် လူမှုဘဝနယ်ပယ်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးချနေကြပြီ။ ရှေးယခင် လူဖြင့်ဆက်သွယ်ရေးစနစ်များ တိမ်ကော၍ ကြိုးနှင့်ဆက် သွယ်ရေးစနစ်များကို အသုံးချခဲ့သည်။ ထို့နောက် ကြိုးမဲ့ဆက်သွယ်ရေး စနစ်များပေါ်ထွန်းလာကာ ဆက်သွယ်မှုစနစ်များ လျင်မြန်ချောမွေ့နေသည်ကို မြင်တွေ့နိုင်သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစနစ်များ ယခင်ကာလများနှင့်မတူ တိုးတက်ကောင်းမွန်လာပြီဟု ဆိုနိုင်သည်။ ကြိုးနှင့်ဆက်သွယ်ရေးရော၊ ကြိုးမဲ့ဆက်သွယ်ရေးစနစ် နှစ်မျိုးစလုံးကို အသုံးပြုနေကြသည်။ အထူးသဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ရေးကို လူတိုင်းအသုံးပြုနိုင်ကြသည်။ အဖွဲ့အစည်းများတွင်မူ ကြိုးနှင့်ဆက်သွယ်ရေးကို အသုံးပြုကြသည်။ လူတို့အား အသိအမြင်ဗဟုသုတနှင့် ဖျော်ဖြေမှုကို ပေးဝေနေသော အရုပ်၊ အသံစနစ်တွင် ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုကြသည်။
ကြိုးမဲ့ဆက်သွယ်ရေးဆိုရာ၌ ဂြိုဟ်တုစနစ်ကို ထိရောက်စွာ အသုံးမချနိုင်သေးဘဲ ထပ်ဆင့်လွှင့်စက်များကိုအသုံးချသလို မြေအောက်ကေဘယ်လ်ကြိုးစနစ်ကိုလည်း အသုံးချကြသည်။ အရုပ်၊ အသံတို့ကို အသုံးပြုနိုင်ရန်အတွက် ကေဘယ်လ်ကြိုးစနစ်၊ ထပ်ဆင့်လွှင့်စနစ်တို့တွင် အကန့်အသတ်နှင့်အဟန့်အတား၊ အနှောင့်အယှက်များရှိသည်။ လွတ်လပ်ပေါ့ပါးလျင်မြန်စွာဖြင့် အချိန်နေရာမရွေး အသုံးပြုနိုင်ခြင်းမရှိချေ။
မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ စနစ်များ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်မှ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်ရေးကို ထိရောက်စွာထောက်ကူနိုင်မည်။ ဆက်သွယ်ရေးစနစ်တွင် ကြိုးမဲ့ဂြိုဟ်တုဆက်သွယ်ရေးစနစ်သည်သာ အကောင်းဆုံးဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် တည်ထောင်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်တော့မည်ဟု သိရသဖြင့် အားတက်မိသည်။ မြေပြင်ပေါ်တွင် ရှုပ်ထွေးပွေလီသော ဆက်သွယ်ရေးပစ္စည်းများနှင့် စနစ်များ လျော့ပါးသွားပြီး ပိုမိုလျင်မြန်ချောမွေ့သောစနစ်ဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။ ယခုကာလတွင် အချို့အပိုင်းများ၌ အသုံးပြုနေသောဂြိုဟ်တုစနစ်မှာ ငှားရမ်းအသုံးပြုရသောစနစ်ဖြစ်၍ တွင်ကျယ်မှုမရှိလှချေ။
ဂြိုဟ်တုစနစ်မှာ ဆက်သွယ်ရေးစနစ်တွင် အကောင်းဆုံးဖြစ်သော်လည်း ထိုဂြိုဟ်တုတစ်လုံး ပိုင်ဆိုင်နိုင်ရန်အတွက် အရင်းအနှီး ပမာဏကြီးမားပြီး ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာများလိုအပ်နေသေးသောကြောင့် ယနေ့ထက်တိုင် ဂြိုဟ်တုပိုင်ဆိုင်နိုင်သည့် အခြေအနေသို့ မရောက်သေးခြင်းဖြစ်သည်။ ဘဏ္ဍာငွေ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ နည်းပညာ၊ လုံခြုံရေးစနစ်များ အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ရဦးမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် အမြန်ဆုံးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါစေဟု ဆန္ဒပြုပါသည်။ ။

No comments:

Post a Comment