Monday, May 1, 2017

တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီးသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုပိုမိုများပြား



Image may contain: ocean, sky, outdoor, water and nature
မန္တလေး ဧပြီ ၃ဝ
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ သဘာဝအမွေအနှစ်နှင့် ဘိုးဘွားအမွေအနှစ်များ ရောယှက်တည်ရှိရာ တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီးသို့ ၂ဝ၁၅ ခုနှစ် မှစ၍ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်လေ့လာမှုပိုမိုများပြားလာကြောင်း တောင်သမန်ငှက်လေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
ယခင်နှစ်များစွာက အဆိုပါနေရာသို့ ကမ္ဘာလှည့်ခရီးသွားများ နေ့စဉ်ဝင်ရောက်လေ့လာသူဦးရေမှာ၂ဝ နှင့် ၂၅ ဦးခန့်သာရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်မှ ယနေ့အချိန်အထိ တစ်ရက်လျှင် နိုင်ငံတကာခရီးသွားဧည့်သည် ၈ဝ နှင့် ၉ဝ အကြားအထိ ကြည့်ရှုမှုတိုးလာကြောင်း သိရသည်။
''လက်ရှိမှာ ခရီးသွားကုမ္ပဏီ ၁ဝခု လောက်ကလည်း ငှက်လှေငှားဖို့ နေ့စဉ် ကြိုတင်ချိတ်ဆက်မှုတွေ ရှိတယ်။ သင်္ကြန်ကာလအတွင်းကလည်း နေ့စဉ် ၁၅ဝ နီးပါးလောက် ဝင်ရောက်ခဲ့ပါတယ်။ ဒီကိုရောက်လာ တဲ့နိုင်ငံခြားသားတွေက မြန်မာနိုင်ငံဟာ ရာသီဥတုကလည်း ကောင်းတဲ့အပြင် နေဝင်ချိန်ဆည်းဆာကို ကြည့်ရတာ ဒီဦးပိန်တံတားက အလှဆုံးပဲလို့ ပြောကြတယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင် အင်းရေပြင်ပေါ်တွင် ငှက်လှေစီး၍ လှေပေါ်တွင် ရှမ်ပိန်နှင့် ဝိုင်ကို အရသာခံသောက်လေ့ရှိကြောင်းနှင့် စက်ဖြင့်မောင်းနှင်သော လှေထက် လက်ဖြင့်လှော်ခတ်သော ငှက်လှေကိုစီး၍ နေဝင်ဆည်းဆာအလှ ဓာတ်ပုံရိုက်ကူးခြင်းကို နိုင်ငံခြားသားများက ပို၍နှစ်သက်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီး၏သဘာဝရှုခင်း အလှအပများကို လာရောက်ခံစား ကြည့်ရှုကြသည့် နိုင်ငံခြားသားများအနက် ပြင်သစ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ထိုင်း၊ အီတလီ၊ တရုတ်၊ ဂျာမနီနှင့် ဟော်လန်နိုင်ငံတို့မှလည်း လာရောက်လေ့လာလျက်ရှိပြီး ငှက်လှေငှားရမ်းခအနေဖြင့် နိုင်ငံခြားသားများအတွက် တစ်စင်းလျှင် ငွေကျပ် ၁၂ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment