Tuesday, May 2, 2017

ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ပုဂံ) ဖွင့်ပွဲအခမ်းအနားကျင်းပ

No automatic alt text available.
ညောင်ဦး မေ ၁
ဥာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ မှန်ကန်သောယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အများနှင့် စုပေါင်းနေထိုင် တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဒေသန္တရဗဟုသုတများရရှိလာစေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ စံနမူနာပြလူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဘက်စုံပညာထူးချွန်လူငယ် ကျောင်းသား ကျောင်းသူများကို ရွေးချယ်ပြီး ဘက်စုံပညာ ထူးချွန်လူငယ်စခန်းများတွင် ဂုဏ်ပြုချီးမြှင့်လျက်ရှိရာ အဆိုပါစခန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေစခန်း(ပုဂံ)ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေစခန်း(ပုဂံ)ဖွင့်ပွဲအခမ်းအနားကို အပန်းဖြေစခန်းမုခ်ဦးတွင် ကျင်းပပြီး အဋ္ဌမတန်းဘက်စုံပညာထူးချွန်ကျောင်းသား ကျောင်းသူ သုံးဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ဘက်စုံပညာထူးချွန်ကျောင်းသားကျောင်းသူများ အနေဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိရန် အရေးကြီးကြောင်း၊ မိမိဆန္ဒထက် အများစုဆန္ဒကို အလေးထားစေလိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူဆောင်ရွက်ကြမည့် အနာဂတ်၏ သားကောင်းရတနာများနှင့် တိုင်းပြည်အတွက် အားကိုးရမည့် လူရည်ချွန်လူရည်မွန်များအဖြစ် ပဲ့ကိုင်နိုင်မည့်သူများဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘက်စုံပညာ ထူးချွန်လူငယ်အပန်းဖြေစခန်း(ပုဂံ)တွင် လာရောက်အပန်းဖြေလေ့လာလျက်ရှိသည့် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြသည်။
ညပိုင်းတွင် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေစခန်း(ပုဂံ)ဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment