Tuesday, May 30, 2017

ကြီးမားသောအောင်မြင်မှု ရရှိခဲ့သည့် (၂၁)ရာစုပင်လုံ


မြန်မာ့အလင်းအယ်ဒီတာအာဘော်


 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်း အဝေး)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ မူလသတ်မှတ်ရက်ထက် တစ်ရက်ထပ်တိုးကာ အကျေအလည်ညှိနှိုင်းမှုများကြောင့်UPDJC မှ တင်သွင်းသောအဆိုပြုလွှာ အချက် ၄၅ ချက်မှ ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူညီမှု ရရှိခဲ့ပါသည်။
ဤသည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ အဆိုပြုတင်သွင်းလာသော မူဝါဒ၊ အဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက်ဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပ ပြုလုပ်ပြီး ရရှိလာသော သဘောတူညီချက်များဖြစ်ပေသည်။ ဤပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) တွင် နိုင်ငံရေးကဏ္ဍသဘောတူညီချက်(၁၂)ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၁)ချက်၊ လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက် (၄) ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် (၁ဝ) ချက် စုစုပေါင်း ၃၇ ချက် ပါဝင်သည်။ ¤င်းသဘောတူညီချက်များကို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အပိုဒ် ၂ဝ (င)အရ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁)အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)တွင် အစုအဖွဲ့အသီးသီး ၏ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။
ဤသို့(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးအောင်မြင်စွာ လှမ်းတက်နိုင်သည့် ခြေလှမ်းဟုဆိုရပါမည်။ ဤအဆင့်သို့ရောက်ရှိလာစေရန်NCA စာချုပ်ပါ အချက်များအရ ညီလာခံနှစ်ခုကြားကာလတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ကြရသည်။ ထိုအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှရရှိလာသော မူဝါဒတင်ပြချက်များကို လုပ်ငန်းကော်မတီ များတွင် မျိုးတူရာစုစည်း၍ အတွင်းရေးမှူးများအဖွဲ့သို့ တင်ပြရပြီး နောက်ဆုံးတွင် UPDJCမှ မူဝါဒအဆိုပြုချက်များအဖြစ် စိစစ် ရွေးထုတ် ခဲ့ရခြင်းဖြစ်သည်။ ဤသည်မှာ အောက်ခြေမှကျယ်ပြန့်သော သဘောထား များကို အခြေခံ၍ အဆင့်ဆင့်အထက်သို့ တက်လာသော ပုံစံဖြစ်ပါသည်။ ခေတ်အဆက်ဆက် ဆုံးဖြတ်ချက်ချမှတ်ခဲ့သော ပုံစံများနှင့် လုံးဝခြားနား သောအစီအစဉ်ဖြစ်သည်။ ယခု နောက်ဆုံးအဆင့်မူဝါဒများကို ညှိနှိုင်းရာ တွင်လည်း အားလုံးသဘောတူခြင်းထက် အားလုံးလက်ခံနိုင်သောမူများ ကိုသာ မူဝါဒများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးရာတွင်လည်း တစ်ဖက်၏စိုးရိမ်ပူပန်မှုကို ပြေပျောက်စေနိုင် သည့် ပျော့ပျောင်းသော၊ ရင်းနှီးချစ်ခင်သော၊ စိတ်ရှည်သောပုံစံများဖြင့် အပြန်အလှန် အထပ်ထပ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။ ဤဆွေးနွေးပွဲ များတွင် တက်ရောက်လာကြသော အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ သည်လည်း တန်းတူရည်တူ၊ တူညီသောအခွင့်အရေးကို အသုံးပြု၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဤသို့သော ဆွေးနွေးပွဲများမှာ ယခင် ခေတ်အခါများက မတွေ့ဖူးခဲ့ကြသည့်၊ ကျင့်သုံးခွင့်မရခဲ့ကြသည့် ပုံစံများ ပင်ဖြစ်ပါသည်။
အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းအစုံအလင် မပါဝင်နိုင်သေး သော်လည်း ဤညီလာခံမှ မူဝါဒသဘောတူညီချက်(၃၇)ချက်ကို ချမှတ်နိုင် ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်ပါသည်။ ဤသို့သဘောတူ ညီချက်များ ချမှတ်နိုင်ခြင်းအားဖြင့် အပျက်သဘောရှုမြင်ဝေဖန်မှုများ ရပ်တန့်သွားစေပြီး အနာဂတ်ကာလတွင် ခြောက်လတစ်ကြိမ်ကျင်းပရန် ရှိသော ညီလာခံများအတွက်လည်း အားတက်ဖွယ်ခြေလှမ်းတစ်ရပ်ဖြစ်လာ စေပါသည်။ ယခုချမှတ်သော မူဝါဒများမှာ တိုင်းရင်းသားပြည်သူအများစု၏ သဘောထားကိုထင်ဟပ်နိုင်သော အချက်များဖြစ်ပေရာ၊ အကြောင်း ကြောင်းကြောင့် မပါဝင်နိုင်သေးသော အဖွဲ့အစည်းများအတွက်လည်း သဘောတူနိုင်မည့် အချက်များဟု ဆိုနိုင်ပါသည်။
ယခုကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများကို ခြောက်လ တစ်ကြိမ် ဆက်လက်ကျင်းပသွားရန်ရှိရာ၊ ဤကဲ့သို့သော သဘောတူညီမှု စာချုပ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ချုပ်ဆိုသွားနိုင်မည်ဖြစ်သည်။ ထိုပြည်ထောင်စုသဘောတူညီမှုစာချုပ်များသည် နောက်ဆုံးတွင် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အခြေခံမူတစ်စုံပေါ်ထွက်လာစေမည်ဖြစ်ပါသည်။ ထိုအခြေခံမူသည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှလာသော သဘောထားများပင်ဖြစ်ရာ တိုင်းရင်းသားများအပါအဝင် ပြည်သူတစ်ရပ် လုံးက လက်ခံယုံကြည်သော အခြေခံမူများဟု ယူဆနိုင်ပြီး ထိုမူများအရ တည်ဆောက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသည်လည်း အများလက်ခံသည့် ရေရှည်တည်တံ့မည့် နိုင်ငံတော်ကြီးတစ်ရပ်ဖြစ်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြရပါသည်။ ။

No comments:

Post a Comment