Tuesday, May 30, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အောင်မြင်စွာကျင်းပပြီးစီး



 နေပြည်တော် မေ ၂၉


 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-2) ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ‘ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ
ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့အသီးသီးမှ ပါဝင်သင့် ပါဝင် ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ညီလာခံတွင် ဦးဆောင်သဘာပတိ အဖြစ် ဖြားတန်ခွန်ဥက္ကာက ဆောင်ရွက် ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေ နှင့် ဦးဉာဏ်ဝင်းတို့က ဆောင်ရွက်ကြ သည်။
တိုးတက်မှုဖြစ်စဉ်တစ်ရပ်
သဘာပတိ ဖြားတန်ခွန်ဥက္ကာက အဖွင့်အမှာစကားပြောကြားရာတွင် ယခု ညီလာခံကြီးက စုစည်းရရှိထားသည့်ကဏ္ဍအလိုက် သဘောတူဆုံးဖြတ်ချက် မူဝါဒများကို ဖတ်ကြားခြင်း၊ အဆို တင်သွင်းခြင်းနှင့် ထောက်ခံခြင်းများကို ပြုလုပ်သွားရန်ဖြစ်ပါကြောင်း၊ ယင်း သည် NCA ၏ အခန်း(၅)ပါ ပြဋ္ဌာန်း ချက် ပုဒ်မ -၂ဝ အရ နိုင်ငံရေးလမ်းပြ မြေပုံ၏ အဆင့် (၄) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၏ နောက်တစ်ဆင့်၊ အဆင့်(၅) ပြည်ထောင်စုစာချုပ် (Pyi-Daungsu Accord) ချုပ်ဆိုခြင်း ဆိုသည့်လမ်းပြမြေပုံ အဆင့်တစ်ဆင့်ကို ထပ်မံတက်လှမ်းလိုက်ခြင်းပင် ဖြစ်ပါ ကြောင်း၊ PyiDaungSu Accord အသက်ဝင်စေခြင်းလည်း ဖြစ်ပါကြောင်း၊NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ကိုခြေတစ်လှမ်း တိုးလာသည့် တိုးတက်မှုဖြစ်စဉ်တစ်ရပ် ဟုလည်း ပြောနိုင်ပါကြောင်း။
မပြောင်းလဲဘဲရပ်တည်
NCA ပြင်ပမှနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လက်တွေ့အကောင်အထည် ဖော်ရာ တွင် မပြည့်စုံဘဲ အားနည်းသည် စသဖြင့် ဝေဖန်နေကြသော်လည်း ညီလာခံ၏ အောင်မြင်မှုအရှိန်အဟုန်ကို ဟန့်တားနိုင်ကြမည် မဟုတ်ပါကြောင်း၊ ညီလာခံ၏ အောင်မြင်မှုအရှိန်အဟုန်ဟု ပြောလျှင် ပါဝင်သူအားလုံးကို ချီးကျူး ဂုဏ်ပြုရန် လိုအပ်ပါကြောင်း၊ အထူးပြုရ မည့်အစုအဖွဲ့မှာ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ပင်ဖြစ်ပါ ကြောင်း၊ တပ်မတော်၏ ပြောင်းလဲလာ သည့် မူဝါဒနှင့် စိတ်နေသဘောထားများ၊ ငြိမ်းချမ်းရေးအပေါ် လေးလေးနက်နက် ရယူလိုသည့် သဘောထားများကြောင့်ပင် ယခုကဲ့သို့ ညီလာခံရလဒ်ကောင်းများ ထွက်ပေါ်လာသည်ကို အကြိတ်အနယ်၊ အကျေအလည် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆွေးနွေးခဲ့ရသည့် မိမိ၏အတွေ့အကြုံအရ ရဲရဲပြောရဲပါကြောင်း၊ တပ်မတော်အစုအဖွဲ့ အနေဖြင့် နောက်ထပ်ဆက်လက်ပြီး ခိုင်မာတည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အတူတကွ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည့် အချိန်အထိ သဘောထား မပြောင်းလဲဘဲ တစိုက်မတ်မတ်ရပ်တည်မည်ဟု ယုံကြည် ပါကြောင်း။
ယနေ့အခမ်းအနားတွင် အချို့ EAO များ မပါဝင်ကြပါကြောင်း၊ ပြည်ထောင်စုထဲတွင် အတူတကွနေထိုင် ကြရန် သန္နိဋ္ဌာန်ပြုထားကြသည့် တိုင်းရင်းသားညီအစ်ကို အားလုံးသည် ယခုညီလာခံတွင်သာမက ညီလာခံ အဆက်ဆက်တွင် အမြဲတစေ အတူတကွ ပါဝင်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ မဟုတ်ပါက မိမိတို့ နောက်ထပ်အများကြီး အလုပ်လုပ်ဖို့ ကြိုးစားရန် လိုအပ်နေသေး သည်ကို ညွှန်းဆိုနေပါကြောင်း ပြောကြား သည်။
မူဝါဒအဆိုပြုချက်တင်သွင်း
ထို့နောက် ကဏ္ဍအလိုက် မူဝါဒ သဘောတူညီချက်များကို တင်သွင်းကြရာ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ အစုအဖွဲ့ကိုယ်စားလှယ် ဒေါ်စော မြရာဇာလင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား လှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍ ဆိုင်ရာ မူဝါဒအဆိုပြုချက်များကိုလည်းကောင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စား လှယ် ဦးအောင်စိုးက မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒအဆို ပြုချက်များကို လည်းကောင်း တင်သွင်း ကြသည်။
ထို့နောက် အစိုးရအစုအဖွဲ့ကိုယ်စား လှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ခင် သိန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ဦးသိန်းထွန်း တို့က ကဏ္ဍအလိုက်တင်သွင်းသည့် အချက် ၃၇ ချက်ကို ထောက်ခံဆွေးနွေး ကြသည်။
အဆိုပြုချက်အားလုံးအတည်ပြု
ယင်းနောက် သဘာပတိ ဖြားတန် ခွန်ဥက္ကာက ကဏ္ဍအလိုက် တင်ပြလာ သော မူဝါဒအဆိုပြုချက်များဖြစ်သည့် နိုင်ငံရေးကဏ္ဍမူဝါဒ အဆိုပြုချက် ၁၂ ချက်၊ စီးပွားရေး ကဏ္ဍမူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမူဝါဒ အဆိုပြု ချက် ၄ ချက် ၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သား အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့တို့မှ ထောက်ခံကြောင်း
တင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုချက်အားလုံးကို တစ်ပေါင်း တစ်စည်းတည်း အတည်ပြုကြောင်း ကြေညာသည်။
လက်မှတ်ရေးထိုး
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - (၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)မှ အတည်ပြုထားသော သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ် ရေးထိုးကြသည်။
(သဘောတူညီချက် ၃၇ ချက်၊ အစု အဖွဲ့ ကိုယ်စားလှယ်များ၏လက်မှတ်များ၊ အသိသက်သေများ၏ လက်မှတ်များကို စာမျက်နှာ ၆၊ ၇ တွင် ဖော်ပြထားပါ သည်။)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကျေးဇူးတင်စကား ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျေးဇူးတင်စကားကို စာမျက်နှာ ၄ တွင် ဖော်ပြထားသည်။)
ယင်းနောက် သဘာပတိ ဖြားတန် ခွန်ဥက္ကာက ပြည်ထောင်စုငြိမ်းချမ်းရေးရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဘဏ်စာရင်း စတင်ဖွင့်လှစ် ခဲ့ရာ ၂ဝ၁၇ ခုနှစ် မေ ၁၉ ရက်အထိ လှူဒါန်းငွေ စုစုပေါင်း ငွေ$ကျပ် ၁၅ ဒသမ ၄၅ ဘီလီယံကျော်ကို အလှူရှင် ၁၅ဝ ကျော်တို့က ပါဝင်လှူဒါန်းခဲ့ကြောင်းနှင့် အနည်းဆုံးလှူဒါန်းငွေမှာ ငွေကျပ် ၃ဝဝဝ ဖြစ်ပြီး အများဆုံးလှူဒါန်းငွေမှာ ကျပ် ၃ ဘီလီယံကျော်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အနာဂတ်အတွက် အရေးပါ
ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဒုတိယ အကြိမ်ညီလာခံကြီးမှ ရရှိခဲ့သည့် သဘောတူညီချက်များကို ကြည့်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် အခြေခံရမည့်မူများကို စတင် ဆွေးနွေးနိုင်ခဲ့ပြီး အချို့အချက်များကို သဘောတူနိုင်ခဲ့ကြသည်ကို တွေ့ရပါ ကြောင်း၊ အဆိုပါအချက်များသည် အနာဂတ်အတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ပါကြောင်း။
ဖက်ဒရယ်စနစ်ဆိုင်ရာ သဘော တူညီချက်အားလုံးကို ယခုအစည်းအဝေး တွင် တစ်ထိုင်တည်း မရနိုင်ခဲ့သော်လည်း အရေးကြီးသည့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးတို့အတွက် အာဏာခွဲဝေရေးမူကို မိမိတို့သဘော တူညီနိုင်ခဲ့ကြပါကြောင်း၊ ယခုအဆင့် အထိ လွယ်လွယ်နှင့် ရောက်လာခဲ့ကြ ခြင်းမဟုတ်ပါကြောင်း၊ မိမိတို့တိုင်းပြည် ရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အကြားတွင် အယူအဆများမတူသည့် အပေါ် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ခဲ့ ကြပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ကြာရှည်လာသည့်နှင့်အမျှ တစ်ဖက်နှင့် တစ်ဖက် မယုံကြည်မှုများ ပိုမိုတိုးပွား လာပါကြောင်း၊ မယုံကြည်မှုများကြောင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို ပြောရန်ပင် အခက်အခဲရှိခဲ့ကြပါ ကြောင်း။
ယုံကြည်မှုတည်ဆောက်နိုင်
ဖက်ဒရယ်ဆိုသည့် စကားလုံးကို ပြောဆိုရန်ခက်နေသည့် အခြေအနေမှ ယခု ညီလာခံကြီးတွင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ဦးတည်သွားရန် အခြေခံမူများကို ဆွေးနွေးနိုင်ခဲ့ပြီး အချို့အချက်များကို သဘောတူနိုင်သည့် အခြေအနေအထိ ရောက်ခဲ့သည်ဆိုသည် မှာ မိမိတို့နိုင်ငံငြိမ်းချမ်းရေးအတွက် ကြီးမားသည့် တိုးတက်မှုတစ်ခုဖြစ်ပါ ကြောင်း၊ မိမိတို့တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှုတည်ဆောက်နိုင် ခဲ့သည်ဆိုသည့် ပြယုဂ်တစ်ခု ဖြစ်ပါ ကြောင်း။
ယနေ့မိမိတို့ရောက်ရှိနေသည့် နိုင်ငံ ရေးအခင်းအကျင်းသည် မြန်မာပြည်တွင် တစ်ခါမျှ မရှိခဲ့ဖူးသည့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်ပင် ဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို အခြေခံသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ်ကြောင်း၊ (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကြီးတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေသည့် နိုင်ငံရေးပဋိပက္ခများကို ဆွေးနွေးအဖြေရှာသကဲ့သို့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီတွင် မြေပြင်၌ ဖြစ်နေသည့် အောက်ခြေ ပြဿနာများကို အဆင့်တိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနေကြ ခြင်း ဖြစ်ပါကြောင်း၊ ယခု အခင်းအကျင်း သည် မိမိတို့နိုင်ငံ၏ သမိုင်းသစ်ဖြစ်ပါ ကြောင်း။
တံခါးဖွင့်ကြိုဆို
တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အပြင်ဘက်ရောက်နေသည့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါနိုင် အောင် ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ အားလုံးပါဝင်ရေးကို ကြိုးပမ်း နေစဉ်မှာပင် ပါဝင်ပြီးသူများနှင့် ရှေ့ကို ခရီးဆက်နိုင်ရန်ကိုလည်း ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ် သည် လက်နက်ကိုင်အဖွဲ့အစည်းများ စွာရှိသည့် နိုင်ငံတိုင်းတွင် ကြုံတွေ့ကြ ရသည့် စိန်ခေါ်မှု ဖြစ်ပါကြောင်း၊ ယင်း အခက်အခဲများကို ကျော်လွှားနိုင်ရန် ကျန်ရှိနေသည့် အဖွဲ့အစည်းများကို လည်း အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)အောင်မြင်စွာပြီးမြောက် ကြောင်း ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment