Tuesday, May 2, 2017

ဘက်စုံပညာထူးချွန်အပန်းဖြေစခန်း (ငွေဆောင်) စခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: one or more people, crowd and outdoor
ငွေဆောင် မေ ၁
၂ဝ၁၇ ခုနှစ် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ကျင်းပရာ ဘက်စုံပညာထူးချွန်မောင်မယ်များက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုပြီး အခမ်းအနားဖွင့်လှစ်သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့်သူများ ဖြစ်ကြောင်း၊ ရည်မှန်းချက်ရှိရန် လိုအပ်ကြောင်း၊ ရည်မှန်းချက်ရှိသည့် အတွက်လည်း လူရည်ချွန်များဖြစ်လာကြောင်း၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရန်လိုအပ်ကြောင်း၊ ထို့အတူ မိမိနိုင်ငံကောင်း အောင်အတွက်လည်း ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဘဝဖြတ်သန်းခဲ့သည့် အတွေ့အကြုံ များကို အမှတ်တရ စကားပြောကြားပြီး ဘက်စုံ ထူးချွန်လူငယ်စီမံကိန်းဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လူရည်ချွန်အဆင့်ဆင့် ရွေးချယ်ခြင်းနှင့် စပ်လျဉ်ပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘက်စုံပညာထူးချွန် တံဆိပ်များကိုဝန်ကြီးချုပ် မန်းဂျော်နီ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဘက်စုံပညာထူးခွန်ကျောင်းသားများ အားလည်းကောင်း၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးနှင့် တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးတို့က ဘက်စုံပညာထူးခွန် ကျောင်းသူများ အားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်) စခန်းမှူးက စခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို ဝန်ကြီးချုပ်မန်းဂျော်နီနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့အား ပေးအပ်ကာ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများက အမှတ်တရတံဆိပ်ကို ဝန်ကြီးချုပ် မန်းဂျော်နီ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ထံ ပေးအပ်ပြီး ဘက်စုံပညာထူးချွန်မောင်မယ်များ ကိုယ်စားသုံးထပ်ကွမ်း ဘက်စုံပညာ ထူးချွန်ကျောင်းသူ မဖြိုးဆုဟန်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းသားတစ်ဦးက ကျွန်တော့်ရည်မှန်းချက် တေးသီချင်းဖြင့် လည်းကောင်း၊ ပညာ အလင်္ကာတေးဂီတအဖွဲ့မှ ဧရာဝတီရဲ့ အလှတေးသီချင်းဖြင့် လည်းကောင်း၊ အမက(၂ဝ)ပုသိမ်မှ ကျောင်းသား ကျောင်းသူလေးများက မနောမြေမှ တေးသံသာတေးသီချင်းဖြင့် လည်းကောင်း၊ အမက(၂၄)ပုသိမ်မှ ကျောင်းသားကျောင်းသူလေးများက ထာဝရ မြန်မာတေးသီချင်းဖြင့် လည်းကောင်း၊ ဘက်စုံပညာထူးချွန်မောင်မယ်များက ဇာတိမာန်တေးသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက် ကြသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

No comments:

Post a Comment