Tuesday, May 2, 2017

သမိုင်းကြောင်းကောင်းအောင်ရွက်ဆောင်



လူ့သမိုင်းကို စတင်ရေးထိုးခဲ့သည့်အချိန်မှစ၍ လူသားများသည် မိမိ အကျိုး၊ အများအကျိုးတို့ကို လုပ်ဆောင်ခဲ့ကြသည်။ လူသည် မိမိအကျိုးစီးပွားကို ဦးစွာလုပ်ဆောင်ခဲ့ကြသူချည်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရင်း မိမိ မိသားစု၊ မိမိအသိုင်းအဝိုင်း၊ မိမိအဖွဲ့အစည်း၊ မိမိဒေသနှင့် လူသားများအားလုံး၏ အကျိုးစီးပွားတို့ကို တစ်ခုမဟုတ်တစ်ခု တစ်မျိုးမဟုတ် တစ်မျိုး အကျိုးပြုခဲ့ကြသူများဖြစ်နိုင်သည်။ သို့တည်းမဟုတ် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာ ဆောင်ရွက် သည်ဟုဆိုလျှင် လူဟူ၍ မခေါ်ဆိုထိုက်ချေ။
လူ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်လျှင် မိမိအကျိုးထက် အများအကျိုးကို ဆောင်ရွက်နိုင်သူမှာ အနည်းစုသာဖြစ်ပေလိမ့်မည်။ ထိုအနည်းစုများတွင် အများအကျိုးကိုဆောင်ရွက်နိုင်သူ၊ အများအကျိုးအတွက် အနစ်နာခံနိုင်သူ၊ အများအကျိုးအတွက် စွန့်လွှတ် စွန့်စားပေးဆပ်နိုင်သူ၊ သူတစ်မူထူးအောင် ဆောင်ရွက်နိုင်သူတို့ကို မြင့်မြတ်သူ၊ သူရဲကောင်း၊ အာဇာနည် စသည်ဖြင့် ထူးကဲသည့် စွမ်းဆောင်မှုအပေါ် မူတည်၍ အများကအသိအမှတ်ပြုကြသည်။
ထိုကဲ့သို့ အများအကျိုးကို ကိုယ်ကျိုးမဖက် အနစ်နာခံကာ ဆောင်ရွက်နိုင်သူ အနည်းအများပေါ်ထွက်မှုအပေါ် မူတည်၍ လူ့အဖွဲ့အစည်းအတွက် အကျိုးရလဒ်အနည်း၊ အများကိုလည်းဖြစ်စေသည်။ အများအကျိုးအတွက် အနစ်နာခံဆောင်ရွက်နိုင်သူ စဉ်ဆက်မပြတ် များများပေါ်ထွက်လေ အဆိုပါလူ့အဖွဲ့အစည်းအတွက် အကျိုးရလဒ်ကောင်းများလေ၊ အများအကျိုးအတွက် အနစ်နာခံဆောင် ရွက်နိုင်သူ ပေါ်ထွက်မှုနည်းလေ အဆိုပါ လူ့အဖွဲ့အစည်းအတွက် အကျိုးရလဒ်နည်းလေဖြစ်သည်။
အများအကျိုးကို ဆောင်ရွက်သည်ဆိုရာတွင် မိမိ မိသားစု၊ မိမိအဖွဲ့အစည်းတစ်မျိုးတည်းအတွက် ဆောင်ရွက်ခြင်းကို မဆိုနိုင်ချေ။ အများအကျိုးဟူသည်မှာ မွန်မြတ်သောစိတ်ကိုထား၍ မေတ္တာအနှံ့ဖြင့် အယုတ်၊ အလတ်၊ အမြတ်မရွေး၊ ချစ်သူ၊ မုန်းသူ မခွဲခြား၊ မိမိနှင့် အမျိုးတူသူ၊ အမျိုးမတူသူ မခွဲခြားဘဲ တူညီသောစေတနာဖြင့် ဖြန့်ကြက်ဆောင်ရွက်နိုင်ခြင်းသည်သာ အများအကျိုးဟုအပြည့်အဝ ခေါ်ဆိုထိုက်သည်။
အများအကျိုးကို ဆောင်ရွက်ရာတွင် ကမ္ပည်းမော်ကွန်းထိုးနိုင် လောက်၍ လောကအလယ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို့ကို လူအများက အသိအမှတ်ပြု မှတ်တမ်းတင်ကြသော်လည်း လူအများ၏ အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းမခံလိုက်ရသူများ၊ လူအများ မသိရှိလိုက်ကြသူများလည်း လူ့အဖွဲ့အစည်းတိုင်းတွင်ရှိပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များအား မထင်မရှား အညတရမွန်မြတ်သူများဟု ကမ္ပည်းမော်ကွန်းထိုးရပေလိမ့်မည်။
လူအများ မသိရှိလိုက်ကြသေးသည့် လူသားအကျိုးပြုပုဂ္ဂိုလ်များ၊ အများအကျိုးကို စွန့်လွှတ်စွန့်စား ဆောင်ရွက်ကြသူများ၊ တိုင်းပြည် အတွက် ဘဝရင်း၍အနစ်နာခံကြသူများ၊ အသက်နှင့်ရင်း၍ ပေးဆပ် ကြသူများ စသည်ဖြင့် ဆောင်ရွက်ခဲ့ကြသည့် လူ့အဖွဲ့အစည်းအတွင်းမှ၊ အဖွဲ့အစည်းများအတွင်းမှ၊ တပ်မတော်သားများအတွင်းမှ လူပုဂ္ဂိုလ်များလည်း ရှိပေလိမ့်မည်။ ၄င်းတို့ကို အသိအမှတ်ပြုကြရပေလိမ့်မည်။
မျက်မှောက်ကာလတွင် ယခင်နှင့်မတူ မိမိအကျိုးထက် အများအကျိုးအတွက် အနစ်နာခံဆောင်ရွက်ကြသူများ များလာသည်ဟု ဆိုနိုင်သည်။ ထိုသို့များလာသောကြောင့်လည်း နိုင်ငံတော်က လစဉ်အသိအမှတ်ပြု မှတ်တမ်းတင်ပေးလျက်ရှိသည်။ ထိုမျှမက လူမသိ သူမသိ အများအတွက် အနစ်နာခံဆောင်ရွက်ပေးကြသူများလည်း ရှိနေပေသည်။ အများအကျိုးအတွက် မည်ကာမတ္တဆောင်ရွက်ပြီး မိမိနှင့် ပတ်သက်ရာပတ်သက်ကြောင်းအကျိုးသာ ဆောင်ရွက်ခဲ့သဖြင့် အများအတွက် နစ်နာခဲ့ရသည်။
ယနေ့အများအကျိုးအတွက် ဆောင်ရွက်သူများလာသဖြင့် တိုင်းပြည်အနာဂတ်အတွက် အခြေအနေကောင်းတစ်ခုဟုဆိုနိုင်သည်။ မြန်မာနိုင်ငံအတွက် နိုင်ငံသားအားလုံး၏အကျိုးမှာ ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အနစ်နာခံဆောင်ရွက်ကြပေလိမ့်မည်။ မိမိအဖွဲ့အစည်းတစ်ခုတည်း၏ အကျိုးမဟုတ်ဘဲ တစ်တိုင်းပြည်လုံး၏ အကျိုးကိုရှေးရှုကာ ဆောင်ရွက်မည်ဟု မျှော်လင့်မိပါသည်။

No comments:

Post a Comment