Monday, May 1, 2017

ပါလက်စတိုင်းနှင့် အစ္စရေး ပဋိပက္ခဖြေရှင်းနိုင်ရေး အီဂျစ်နှင့် ပါလက်စတိုင်းခေါင်းဆောင်များ ဆွေးနွေး



Image may contain: 2 people, suit
ကိုင်ရို ဧပြီ ၃ဝ
ပါလက်စတိုင်းနှင့် အစ္စရေးပဋိပက္ခအား ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံနှစ်နိုင်ငံအတူ ယှဉ်တွဲနေထိုင်ရေး အယူအဆကို အီဂျစ်နှင့် ပါလက်စတိုင်းခေါင်းဆောင်များက ထပ်လောင်းထုတ်ဖော်ပြောဆိုကြကြောင်း အီဂျစ်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အလ္လာယူဆွတ်က ပြောကြားသည်။
အီဂျစ်နိုင်ငံသို့ ရောက်ရှိနေသော ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်သည် သမ္မတအဗ္ဗဒူဖာတားအယ်-စီစီနှင့် ဧပြီ ၂၉ ရက်က ကိုင်ရိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အရှေ့အလယ်ပိုင်းပြဿနာပြေလည်ရေးအတွက် ပြီးပြည့်စုံသော သဘောတူညီချက် တစ်ရပ်ရရှိရန် အီဂျစ်နိုင်ငံက အစဉ်တစိုက် လိုလားခဲ့သည်ဟု သမ္မတစီစီက ပြောကြားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ကာ ၁၉၆၇ ခုနှစ် နယ်စပ်မျဉ်းများအပေါ် အခြေခံ၍ နိုင်ငံအဖြစ် ထူထောင် နိုင်ရန် ပါလက်စတိုင်းတို့အား အာမခံချက်ပေးရမည်ဟု သမ္မတစီစီက ပြောကြားခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အစ္စရေး၏ မဟာမိတ်အမေရိကန် ပြည်ထောင်စုက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားရန်လည်း အီဂျစ်သမ္မတ တိုက်တွန်းခဲ့သည်။
ထိုစဉ်အတွင်း ပါလက်စတိုင်းတို့ ဂိုဏ်းဂဏအရ အားပြိုင်နေမှု အဆုံးသတ်ရန် သမ္မတ စီစီက တိုက်တွန်းသည်။ အာဏာရ ဖာတာ လှုပ်ရှားမှုအဖွဲ့နှင့် လက်နက်ကိုင် ဟားမားစ် လှုပ်ရှားမှုအဖွဲ့အကြား အားပြိုင်မှုများ အဆုံးသတ်ကာ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု သမ္မတ စီစီက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment