Tuesday, May 30, 2017

နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားအကျိုးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံ

Image may contain: one or more people, people sitting, people standing, table and indoor
ရန်ကုန် မေ ၂၉
နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ညှိနှိုင်းဆောင်ရွက် နိုင်ရန် အစိုးရ၊ လွှတ်တော်နှင့် ပါတီတို့၏ သုံးပွင့်ဆိုင် (ပထမအကြိမ်) တွေ့ဆုံပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၌ ပြုလုပ်သည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အမှာစကားပြောကြားရာတွင် ''ရန်ကုန်တိုင်း ဒေသကြီးဆိုတာ မြန်မာပြည်တစ်ပြည်လုံးရဲ့ စီးပွားရေးအရ အဓိကအချက်အချာကျတာဖြစ်သလို နိုင်ငံတကာအသိုင်း အဝိုင်းကလည်း အမြဲတမ်းအကဲခတ်နေတာဖြစ်တော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အစိုးရလုပ်ဆောင်မှုတွေ၊ လွှတ်တော်ရဲ့လုပ်ဆောင်မှုတွေကို အမြဲတမ်းသတိထားပြီး တော့ လုပ်ဆောင်ဖို့လိုပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပါတီရယ် လက်တွဲ ပြီးတော့ နိုင်ငံတော်အတွက်၊ နိုင်ငံသူ နိုင်ငံသားအကျိုး အတွက် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်နိုင်အောင် တွေ့ဆုံရ ခြင်းပဲဖြစ်ပါတယ်''ဟု ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက အမှာစကားပြောကြားရာတွင် ပါတီ၊ လွှတ်တော်၊ အစိုးရ အဖွဲ့အနေဖြင့် လက်ရှိတစ်နှစ်တာကာလတွင် ဟန်ချက် မညီမှုများရှိခဲ့ကြောင်း၊ ယင်းကြောင့် လွှတ်တော်တွင် အချင်းချင်းမူဝါဒကွဲပြားမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြီးခဲ့သည်များကို သင်ခန်းစာယူပြီး ဟန်ချက်ညီအောင် မည်သို့လုပ်မည်ဆိုသည့် လုပ်ငန်းစဉ် များကိုစဉ်းစားပြီး ပြည်သူလူထုနှင့် တိုင်းပြည်အတွက် ကောင်းအောင် ဆွေးနွေးညှိနှိုင်းစေလိုပါကြောင်း ပြောကြား သည်။
အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေး ကြသည်။
ထိုကဲ့သို့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ၄၅ ရက်တစ်ကြိမ် ပြုလုပ်သွားရန် စီစဉ်ထားပြီး ဆွေးနွေးမှုများမှတစ်ဆင့် အစိုးရ၊ လွှတ်တော်နှင့် ပါတီတို့အကြား ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူလူထုအကျိုး ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
(ဇော်ကြီး)

No comments:

Post a Comment