Tuesday, May 2, 2017

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် တစ်သောင်းကျော်တင်ပို့နိုင်ရေး စတင်ဖော်ဆောင်


Image may contain: plant, grass, outdoor and nature
စစ်တွေ မေ ၁
ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခွင့်အလမ်းကောင်းများရှိနေသဖြင့် ယခုနှစ် အတွင်းတွင် မတ်ပဲတန်ချိန် တစ်သောင်းကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ရခိုင်ပြည်နယ် ပြည်သူများ တွေ့ဆုံ ပွဲတွင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိတဲ့အတွက် လာမယ့်မိုးရာသီကနေစပြီး မတ်ပဲပိုမိုစိုက်ပျိုးထုတ်လုပ်ဖို့ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်နေပါတယ်။ အခု ၂ဝ၁၇-၂ဝ၁၈ မှာ ရခိုင်ပြည်နယ်အနေနဲ့ မတ်ပဲတန်ချိန် တစ်သောင်းကျော်ကို အိန္ဒိယနိုင်ငံကို တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
အဲဒီလိုတင်ပို့တဲ့အခါမှာ ဖြစ်နိုင်ရင် ရန်ကုန်ကနေ မဟုတ်ဘဲနဲ့ စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံကို တိုက်ရိုက်ပို့နိုင်ရင် ပြည်နယ်ကုန်သွယ်မှုက လက်ရှိအနေအထားထက် တိုးလာမယ့်အခြေအနေပါ။ ဒါပေမယ့် အခက်အခဲဖြစ်နေတာက ဒီစစ်တွေဆိပ်ကမ်းမှာ တန်ချိန်သုံး၊ လေးထောင်လောက် တင်နိုင်တဲ့သင်္ဘောတွေပဲ ဆိုက်ကပ်နိုင်တာဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ စစ်တွေဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ပေးနိုင်မယ်ဆိုရင် အိန္ဒိယကို တိုက်ရိုက်ပဲတင်ပို့နိုင်တဲ့ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာမှာပါ။ ဒါကို ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပြည်ထောင်စုအဆင့်မှာ တင်ပြပေးနိုင်ဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်နှင့် မောင်တော မြို့နယ်တို့၌ နယ်စပ်ကုန်သွယ်ရေးဇုန်စခန်းများခဲ့ပြီး ကုန်သွယ်မှုပမာဏမြင့်မားခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ယခု လတ်တလောအခြေအနေတွင် ဒေါ်လာငါးသန်းဝန်းကျင်သာ ကုန်သွယ်မှုရှိနေကြောင်း သိရသည်။ ယင်းအခြေအနေကို ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်းနိုင်ရန် မောင်တောမြို့နယ်အတွင်းရှိ ကညင်ချောင်း ကုန်သွယ်မှုဇုန်ကို ယခုနှစ်အတွင်းတွင် အပြီးသတ် တည်ဆောက်နိုင်ရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။ ကညင်ချောင်းကုန်သွယ်ရေးစခန်းကို ၂ဝ၁၅ ခုနှစ် တွင် နိုင်ငံတော်နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ ငွေကျပ်သိန်းပေါင်းတစ်သောင်းဖြင့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။ နိုင်ငံတော်မှ ငွေကျပ်သိန်းပေါင်းခြောက်ထောင် မတည်ပေးခဲ့ပြီး ကျန်သိန်းလေးထောင်မှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု မဟာစီမံကိန်းတစ်ရပ်အဖြစ် မြောက်ပိုင်းဇုန်၊ အလယ်ပိုင်းဇုန်နှင့် တောင်ပိုင်းဇုန်ဟူ၍ ဇုန်သုံးခုခွဲကာ သတ်မှတ်လုပ်ဆောင်လျက်ရှိရာ မြောက်ပိုင်းဇုန်ကို စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မတ်ပဲစိုက်ပျိုးမှုကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ပြီး မြောက်ဦးဒေသကိုလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသည်။
မြောက်ပိုင်းဇုန်ဒေသတွင် လက်ရှိမတ်ပဲစိုက်ပျိုးရန် ဆောင်ရွက်နေပြီး ရေချိုငါး မွေးမြူရေးလုပ်ငန်းကိုလည်း ကျောက်တော်ဒေသတွင် စတင်စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကာ ရေချိုငါးမွေးမြူ ရေးလုပ်ငန်း အောင်မြင်ပါက အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံဈေးကွက်၌ လတ်တလောနိမ့်ကျနေသည့် ကုန်သွယ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မောင်မောင်သန့်(ကြေးမုံ)

No comments:

Post a Comment