Tuesday, May 2, 2017

စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှခေါင်းဆောင်များသို့ ဒေါ်နယ်ထရန့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး




ဝါရှင်တန် မေ ၁


အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် စင်ကာပူနှင့် ထိုင်းနိုင်ငံခေါင်းဆောင်များ သို့ တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှု ရှေ့တိုး ဆောင်ရွက်နေမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပါဝင်ကြရန် တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ယူဆရကြောင်း မီဒီယာများက ဖော်ပြ ခဲ့ကြသည်။

အိမ်ဖြူတော်က ပြောကြားသည်မှာ ထရန့်သည် တနင်္ဂနွေနေ့တွင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ထံ အသီးသီး ဖုန်းဆက်ကာ စကားပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထရန့်နှင့် ခေါင်းဆောင်များသည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်မာသေချာစေရန် အတည်ပြုခဲ့ကြပြီး ထရန့်က ခေါင်းဆောင် နှစ်ဦးအား အိမ်ဖြူတော်သို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုမပြုမီကပင် အိမ်ဖြူတော်အကြီးအကဲ ရီယန့်စ်ပရီဘတ်စ်က ထရန့်သည် ထိုင်းနှင့် စင်ကာပူခေါင်းဆောင်တို့နှင့်အတူ မြောက်ကိုရီးယားအခြေအနေကို ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း ABC TV နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာသည် စိုးရိမ်ဖွယ်ဖြစ်ပြီး အမေ ရိကန်နှင့် အရှေ့တောင်အာရှရှိ မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖြေထုတ်သွားရမည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပရီဘတ်စ်က ပြောကြားခဲ့သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment