Tuesday, May 2, 2017

နျူကလီးယားလက်နက်အင်အားကို အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားပြောကြား




ဆိုးလ် မေ ၁

 

 မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက်စမ်းသပ်မှုကို ဆက်လက်ရှေ့တိုးလုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန်၏ ရန်လိုမှုနှင့် နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်သည့်အနေဖြင့် နိုင်ငံ၏ နျူကလီးယားလက်နက်အင်အားကို အမြင့်ဆုံး အခြေအနေတစ်ရပ်သို့ရောက်ရှိအောင် ဖြစ်နိုင်သောနည်းလမ်းမျိုးစုံဖြင့် စက္ကန့်မလပ် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယား၏နျူကလီးယားပြဿနာကြောင့် အမေရိကန်နှင့် မြောက် ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာသည့် ပဋိပက္ခအသွင် ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ တစ်ချိန် တည်းမှာပင် တရုတ်နိုင်ငံကလည်း ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရသည့် အနေအထားသို့ ဖြစ်သွားနိုင်ကြောင်း ပြောဆိုလာခဲ့သည်။
နိုင်ငံ၏စစ်အင်အားကိုပြသသည့်အနေဖြင့် အမေရိကန်သည် ယူအက်စ်အက်စ်ကားလ်ဗင်စစ်လေယာဉ်တင်သင်္ဘောကို တောင်ကိုရီးယားနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အရေးယူဆောင်ရွက်မှုများကို ဆန့်ကျင်လျက် နျူကလီးယားစမ်းသပ်မှုငါးခုနှင့် ဒုံးကျည် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment