Tuesday, May 2, 2017

ကြေးမုံကိုသာလွမ်း

Image may contain: 6 people, people sitting, table and indoor
ဝင်းပ
ကြေးမုံသတင်းစာ နှစ် (၆ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ 'စကိုင်းစတားဟိုတယ်' သို့ ဧပြီ ၂၈ ရက် နံနက်က ကျွန်တော်အစောဆုံးရောက် သွားပါသည်။ ဧည့်သည်တစ်ယောက်မှ မရောက်သေးပါ။
ကြေးမုံအယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်နှင့် သတင်းထောက်ချုပ် ဦးဌေးအောင်တို့ နှစ်ယောက်က ကျွန်တော့်ကို ဆီးကြိုနေရာချပေးပါသည်။ ကားလမ်းတွေကျပ်မည် ထင်ပြီး စောစောထွက်ခဲ့ရာ ယခင်ကလို ကားတွေကျပ်တာ မတွေ့သဖြင့် ကျွန်တော်စောစောရောက်သွားခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကြေးမုံသတင်းစာတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားဝန်ထမ်းများ၊ သတင်းမီဒီယာ များနှင့် တာဝန်ရှိသူများခန်းလုံးပြည့်လျှံ ရောက်လာကြ သည်ကို တွေ့ရသည်။ ကြေးမုံကို တည်ထောင်ရာတွင် ဦးဆောင်ခဲ့သူ ဆရာကြီးဦးသော်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးခင်မောင်အေး (ခင်မောင်အေး-မန္တလေး)နှင့် အယ်ဒီတာဟောင်းကြီး ဟန်ဂေရီဦးကိုကိုကြီးတို့ကို တပည့်များက တွဲခေါ်လာရသည်ကို တွေ့ရပါသည်။ တစ်ချိန်တုန်းက သန်သန်မာမာ ပြန်ကြားရေးတာဝန်ကို စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကို ကြည့်ရသည်မှာဇရာ၏သဘောကို စောကြောမိသွားပါသည်။
တကယ်လို့များ ကြေးမုံ၏ ဖခင်ကြီးများဖြစ်ကြသည့် ဆရာဇဝန၊ ဆရာအောင်ဗလ၊ ဆရာစိန်ခင်အောင်ရီ၊ ဆရာ ဦးဝင်းတင်၊ ဆရာ ဦးကြီးမောင်(ငွေဥဒေါင်း)၊ ကျွန်တော့သူငယ်ချင်း အယ်ဒီတာကိုတင်ထွေး(စာရေးဆရာ တင်ထွေး)၊ 'ကြေးမုံ' ခေါင်းစည်းစာလုံးလိုဂိုဒီဇိုင်းကို ဖန်တီးရေးဆွဲခဲ့သူ ကာတွန်းဆရာကြီး ဦးဖေသိန်း(ကြေးမုံ နီတိ)၊ ကာတွန်းဆရာကြီး ဦးအောင်ရှိန်(ကြေးမုံခင်)၊ ကြေးမုံအယ်ဒီတာချုပ် ဦးစိုးညွန့်(ဆရာထီလာစစ်သူ)၊ ဆရာကြီး သခင်လှကွန်း စသည့် ဆရာ့ဆရာကြီးများသာ သက်ရှိထင်ရှားရှိနေဦးမည်ဆိုလျှင် စကိုင်းစတားခန်း မကြီးက ထိပ်စားပွဲမှာခံ့ခံ့ညားညားကြီး မြင်တွေ့ရမှာ သေချာလှပါသည်ဟု ကျွန်တော်ခံစားရပြီး ဆရာများကို လွမ်းဆွတ်မိပါသည်။
အခမ်းအနားစလျှင် ''ကြေးမုံသတင်းစာသည် အစဉ်အလာကောင်းသောသတင်းစာ၊လက်ရှိ ဒီမိုကရေစီစနစ် ကို အကောင်အထည်ဖော်ဆောင်လျက်ရှိသောအစိုးရသစ်လက်ထက်တွင် အစိုးရ၏ ဆောင်ရွက်မှု အခြေအနေ
များကို ပြည်သူများသိရှိစေရန် သတင်းများ မျက်ခြည်မပြတ်ဖော်ပြပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုပါသည်။
၁၉၅၇ ခုနှစ် ဧပြီ ၁၆ ရက်က စတင်တည်ထောင်ခဲ့ရာ ယခု အနှစ် ၆ဝ တိုင် သက်တမ်းရှည်ကြာရပ်တည်နေမှုအပေါ် အတိုင်းမသိ ဝမ်းမြောက်မိပြီး ကျေးဇူးလည်း တင်မိပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ တစ်သက်လုံး လည်းပဲ မေတ္တာပို့ပါတယ်ဟု ဆရာကြီးဦးသော်ကမုဒိတာ စကားပြောပါသည်။ ကြေးမုံ/ မြန်မာ့အလင်း စာတည်း မှူးချုပ်တာဝန်ယူခဲ့သူ ဆရာဦးရဲမြင့်ဖေကလည်း ကြေးမုံသက်တမ်း အနှစ် ၆ဝ မှာ နှစ်ပေါင်း ၂ဝ ကြာမျှ ကြေးမုံမှာ နေ့စားဘဝကနေ အယ်ဒီတာချုပ်ဘဝရောက်ကြောင်း နှစ်ပေါင်း ၆ဝ မှာ သုံးချိုးတစ်ချိုး ပါဝင်ခွင့်ရခဲ့ကြောင်း မုဒိတာစကားဆိုပါသည်။
ကြေးမုံစာတည်းမှူးချုပ်(ငြိမ်း) ဦးမြင့်ဆွေကလည်း မိမိတာဝန်ယူစဉ်ကာလ သတင်းအရေးအသား အခက်အခဲပြဿနာများ ဖြေရှင်းခဲ့ရပုံ အတွေ့အကြုံ များကို စိတ်ဝင်စားဖွယ် နောက်ကြောင်းပြန်ပြောပြရင်း မုဒိတာစကားပြောကြားသွားပါသည်။
ဤသို့ မုဒိတာစကားများကို နားထောင်ရင်း ကျွန်တော်တို့ စားပွဲမှာ ဆရာဟိန်းလတ်၊ ဆရာကာတွန်းမြေဇာ၊ ဆရာကာတွန်းငွေကြည်နှင့် ကျွန်တော်တို့လည်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကြေးမုံဘဝများကို ပြန်လည်
ပြောမိနေကြပါသည်။ ကာတွန်းငွေကြည်က ကြေးမုံ ဂျာနယ်မှာ ကြေးမုံသတင်းစာထုတ်ဝေတော့မည့် ကြော် ငြာများ ပါဝင်ခဲ့ပုံကို ပြောပြနေပါသည်။ ကျွန်တော်ကတော့ 'ကြေးမုံ' စာလုံးဒီဇိုင်းကို ဆရာဦးဖေသိန်းရေးပေး ခဲ့စဉ်က ဥာဏ်ပူဇော်ခ ရခဲ့မယ်ထင်တယ်ဟု ပြောမိရာ ဆရာဦးဖေသိန်းတော့ မသိဘူး၊ ဟိုတုန်းက 'လုပ်သား' သတင်းစာဒီဇိုင်းကို ရေးပေးခဲ့တဲ့ ပန်းချီမောင်ငွေထွန်း က ဒီဇိုင်းခ သုံးထောင် တောင်းတာများတယ်ဆိုပြီး ချက်ချင်းမရကြောင်း၊ မောင်ငွေထွန်းက သူဒီဇိုင်းတန်ဖိုးတွက် ပြပုံကတော့ လှသဗျာ၊ နေ့စဉ်ထုတ်သတင်းစာမို့ တစ် နေ့ကို တစ်ပြားနဲ့တွက်ရင်တောင် သုံးထောင်မက တန်ပါတယ်'' ဟု ပြန်ပြောခဲ့ရကြောင်း၊ သူ့အကြောင်းပြချက်က 'လှ' တာကြောင့် နောက်ဆုံးတော့ ပြန်ကြားရေးဌာနက ပေးလိုက်တယ်လို့ ကြားရတယ်တဲ့။ ဒါတောင် မောင်ငွေထွန်းဒီဇိုင်း 'လုပ်သား' စာလုံးအပေါ်နားမှာ အလုပ်သမား လူပုံကလေးကို ဖြည့်စွက်ရေးပေးခဲ့တဲ့ ယခု အမေရိကန် ရောက် ပန်းချီဆရာကြီး ဟယ်ရီအောင် တောင် ဥာဏ်ပူဇော်ခ ဘယ်လောက်ရခဲ့သလဲ မသိတော့ဘူး'' ဟု ကျွန်တော်က ဖြည့်စွက်ပြောမိပါသည်။
ပန်းချီ၊ ကာတွန်းဆရာတွေမို့ ဗိုလ်တထောင် သတင်းစာ လိုဂိုကို ပန်းချီမောင်ညိုဝင်း ဖခင်ဆရာကြီး ဦးဘရင်ကလေး ဆွဲပေးတာ၊ မန္တလေးမှာ ဟံသာဝတီထုတ်ဖို့ စီစဉ်နေတုန်း ရှေ့သို့ စာစောင်တာဝန်ခံ ပန်းချီ ဆရာ ဦးကြည်ဝင်း (ရန်ကင်း) ရဲ့ရုံးကို ဆရာဦးဝင်းတင် လာတုန်းက ကျွန်တော်ရှိနေသည်။ ဆရာဦးဝင်းတင်၏ သူ့စိတ်ကြိုက် ဒီဇိုင်းပုံစံအတိုင်း ကိုကြည်ဝင်း(ရန်ကင်း) ကထုတ်ပေးခဲ့သည်။ ဒီဇိုင်းခလည်း ထိုက်ထိုက်တန်တန် ပေးသွားသည်။ ဘယ်လောက်ဆိုတာတော့ ကိုကြည်ဝင်း တောင်မေ့နေပြီလို့ ပြောဖူးကြောင်း၊ ဆရာဟိန်းလတ်နှင့် ကာတွန်း မြေဇာ၊ ကိုငွေကြည်တို့ကို ကြုံတုန်းကျွန်တော်ရှင်းပြခဲ့ပါသည်။
စကိုင်းစတားခန်းမကြီးထဲကမြင်ကွင်း၊ ကြေးမုံအယ်ဒီတာချုပ်များ၊ သတင်းထောက်ဟောင်းကြီးများ၊ စာရေးဆရာ ပင်တိုင်ဆောင်းပါးရှင်များကို ကြည့်နေရင်း ကြေးမုံနှင့် ကျွန်တော်ပါဝင်ပတ်သက်ဆက်နွှယ်မှုများကို
ပြန်လည်စဉ်းစားကြည့်နေမိပါသည်။ ကျောက်မြောင်း ဈေးနားမှာ ကြေးမုံစထုတ်တော့ ကျွန်တော်တို့ လူလားမမြောက်သေးပါ။ ကျွန်တော်လည်းကျောက်မြောင်းဈေးအရှေ့က ကျောက်တောလမ်းမှာနေပါသည်။
ကြေးမုံထွက်ထွက်ချင်း တစ်ဟုန်ထိုးလူသိများ၊ လူထုစိတ်ကြိုက်သတင်းစာတစ်စောင်ဘဝမှာ ကျွန်တော်တို့က ကြေးမုံတိုက်ရှေ့မှာ ရစ်သီရစ်သီနှင့်ဂွေလှိမ့်ရင်းသွားသွားကြည့်မိနေပါသည်။ အထဲကို မဝင်ရဲပါ။ ကျွန်တော် ထီးတန်းကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတော့ (၅၂) လမ်းသို့ ကြေးမုံရောက်သွားပြီး စာဖတ်ပရိသတ်ကြိုက် သတင်းစာဘုရင်ကြီးဘဝ ရောက်နေပြီ။ ကျွန်တော်ဘွဲ့ရပြီး မန္တလေးဆေးတက္ကသိုလ် မြန်မာစာဌာနမှာ အမှုထမ်းရင်း ဦးလေးလှ (လူထုဦးလှ) ဒေါ်ဒေါ်မာ (လူထုဒေါ်အမာ) တို့ထုတ်ဝေသော ''လူထု'' သတင်းစာတွင် အနုပညာဆောင်းပါးများစရေးနိုင်ခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်ကို ပြန်ပြောင်းခွင့်ရတော့ ကြေးမုံကို ကျွန်တော်ဆောင်းပါးတွေပို့ပါသည်။ စာပေဗိမာန်ပန်းချီပြပွဲခေတ် (၁၉၅၈-၁၉၆၂) တစ်လျှောက်လုံး ကြေးမုံသတင်းစာပါ ဆရာဦးဝင်းတင် (ဆရာပေါ်သစ်)၏ ပန်းချီဝေဖန်ရေးဆောင်းပါးများကို ကျွန်တော်တို့ စောင့်ဖတ်ကြရသည်။ ကြေးမုံကြိုက်ပန်းချီ ကား ကဏ္ဍကိုလည်း ဆရာဦးဝင်းတင်က အထူးဂရု
တစိုက်ဖော်ပြသည်ကို ကျွန်တော်တို့ ပန်းချီလူငယ်များ အထူးနှစ်သက်ကြသည်။ ကြေးမုံသို့ စာမူပို့ရင်း ကျွန်တော်တို့ အယ်ဒီတာ ဆရာဦးဝင်းတင်နှင့် ဆရာဦးကြီး မောင်(ငွေဥဒေါင်း)တို့ စားပွဲရှေ့ကို အမြဲရောက်ပါသည်။
မူလက ကြေးမုံကိုရေးသော ဆောင်းပါးများကို ပန်းချီလှတင်ထွန်း ကလောင်နာမည်ကိုသာ သုံးပါသည်။ ဆရာဦးဝင်းတင်ကလည်း စာပေဗိမာန်ပန်းချီပြပွဲက ကျွန်တော့ ဆရာဦးထွန်းညွန့်နှင့် ကျွန်တော်၏ ရေဆေးရေးချက်များ ဆင်တူသည်။ ခေတ်သစ်ရေဆေးရေးဟန် များဖြစ်သည်ဟု (ကျွန်တော်နှင့် မသိကျွမ်းခင်လေး ကပင် ဝေဖန်ရေးသားဖူးခဲ့သည်)။ ကျွန်တော်ကြေးမုံကို ဝင်ထွက်လာတော့ ဆရာဦးဝင်းတင် (ပန်းချီဝေဖန်ရေး ဆရာပေါ်သစ်) က ကျွန်တော့စာမူများကို လိုအပ်လျှင် ပြင်ပေးမြဲဖြစ်ပါသည်။ ဆရာ၏ အလှရှာတော်ပုံ စာအုပ်ထုတ်ဖို့စီစဉ်တော့ ကျွန်တော်နှင့် ရှေ့သို့ ကြည်ဝင်း
(ရန်ကင်း)တို့ ဝိုင်းကူပေးခဲ့ကြပါသည်။ ထို့ကြောင့် ကျေးဇူးတင်သောစာရင်းတွင် ကျွန်တော်တို့၊ ပေါ်ဦးသက်တို့၊ ရွှေအောင်သိန်းတို့ နာမည်များကို ဆရာက ထည့်သွင်းဖော်ပြပေးခဲ့ပါသည်။
နောက်ပိုင်းကျွန်တော်ကြေးမုံတွင် ရေးသော ယဉ်ကျေးမှုပြတိုက် ပန်းချီကျောင်းစသည်တို့ကို ယဉ်ကျေးမှု ဗိမာန်ဦးစီး၊ ထိုစဉ်က ညွှန်ချုပ် ဆရာတိုက်စိုးက ကျွန်တော့်ကိုသိနေရာ မကျေနပ်ကြောင်း ပန်းချီဆရာကြီး အမ်တင်အေးက တခြားကလောင်နာမည်နှင့်ရေးရန် အကြံပြုပါသည်။ မြန်မာစာဌာနမှာ ကျွန်တော် နည်း ပြဆရာအမှုထမ်းနေခိုက်ဖြစ်၍ ဆရာမဒေါ်မာလေး (ဆရာဦးဖိုးကျော်မြင့် ဇနီး) က ကိုသန့်စင် ဘာနေ့သားလဲတဲ့၊ သောကြာသားလားတဲ့၊ မဟုတ်ဘူးဆရာမ ကျွန်တော်က ဗုဒ္ဓဟူးသား ဆို၍ 'ဝင်းပ' နာမည်ရွေးပေးခဲ့ ပါသည်။ ဝင်းပနာမည်မရသေးမီ ကျွန်တော်က 'မောင်ကြာညွန့်' နာမည်နှင့် စာမူပို့ဖူးပါသည်။ ဆရာဦးဝင်းတင် က ကျွန်တော့်ကို ခေါ်၍ နောင်နှစ်တွေကြာသွားရင် ရတနာပုံခေတ် ပန်းချီတော်ဆရာ မောင်ကြာညွှန့်နဲ့ မှားကုန်လိမ့်မယ် ဒီနာမည်မသုံးနဲ့တဲ့။ ထို့ကြောင့် နောက်ပိုင်း 'ဝင်းပ' ကလောင်ကို ဆက်တိုက်သုံးခဲ့ပါသည်။
ကြေးမုံတွင် ဆရာဦးဝင်းတင် စင်တင်ပေးခဲ့သော 'ဝင်း' ကလောင်နှစ်ချောင်းရှိပါသည်။ ပထမ 'ဝင်းမှာ အားကစားကလောင်ရှင် ဝင်းဖေဝင်းဖြစ်ပြီး ဒုတိယ 'ဝင်း' မှာ ကျွန်တော့်ကလောင်'ဝင်းပ' ဖြစ်သည်ဟု ကြေးမုံ
သတင်းထောက်(ငြိမ်း) ဒေးဒရဲမြတ်ဆွေက အမြဲပြောလေ့ရှိပါသည်။ ယခုတော့ ဒေးဒရဲမြတ်ဆွေကလည်း ဒေးဒရဲဖြုတ်ပြီး မြတ်ဆွေနာမည်နှင့်ပဲ ယခုတိုင် ရေးနေသည် ကို တွေ့ရပါသည်။ ထိုစဉ်က ဓာတ်ပုံကို တင်ကြိုင်၊ ကိုသွင်ဝင်း၊ ကိုထွန်းမင်း၊ ကိုတင်မောင်လတ်(လမ်းမတော်)တို့ကိုလည်း သတိရမိပါသည်။ သူတို့ကိုသတိရမိတော့ လွန်ခဲ့သော ၄၅ နှစ်က ကြေးမုံတိုက်ပေါ်က အဖြစ်အပျက် ကလေးတစ်ခုကို သတိရလွမ်းဆွတ်မိပါသည်။ တိတိကျကျ ပြောရလျှင် ၁၉၇၂ ခုနှစ် ဇူလိုင် ၁၃ရက် ညနေက အဖြစ်အပျက် အမှတ်ရစရာလေးတစ်ခုပါ။
ထိုနေ့ညနေ ၅ နာရီလောက်က (၅၂) လမ်း ကြေးမုံတိုက်သို့ကျွန်တော်ရောက်သွားခဲ့ပါသည်။ နောက်တစ်နေ့ ဇူလိုင် ၁၄ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီပန်းချီသိပ္ပံသို့ ပန်းချီပညာဆည်းပူးရန် ထွက်ခွာမည်ဖြစ်ရာ ကြေးမုံဝိုင်းတော်သားများကို နှုတ်ဆက်ရန်ဖြစ်ပါသည်။ကျွန်တော်ရောက်သွားတော့ ကြေးမုံဝိုင်းတော်သားတွေ ၁၂ ကျပ်တန် ရခိုင်ပုဆိုးတစ်ထည်ကို မဲဖောက်ဖို့ စီစဉ်နေ
သည်ကို တွေ့ရပါသည်။ ကျွန်တော့ကိုတွေ့တာနှင့် ကိုတင်မောင်လတ် (လမ်းမတော်)က ''ဟာ အတော်ပဲ ခင်ဗျားကံကောင်းနေတယ်။ နိုင်ငံခြားလည်း သွားတော့ မှာ ခင်ဗျားလည်း မဲဝင်နှိုက်ဗျာ။ ခင်ဗျားပဲ ပေါက်မယ် ထင်တယ်'' တဲ့။ ဒါနဲ့ ကျွန်တော်လည်း ငွေနှစ်ကျပ် ထည့်ဝင်ပြီး မဲဝင်နှိုက်ခွင့်ရပါသည်။ ကိုတင်မောင် လတ်(လမ်းမတော်)၏ဟောကိန်းမှန်လှပါသည်။ နောက်
ဆုံးမှ ရောက်လာသော ကျွန်တော်က ရခိုင်လုံချည်လေး ကို မဲပေါက်သွားခဲ့ပါသည်။ ထိုရခိုင်လုံချည်လေးကို ပြင်သစ်နိုင်ငံအထိ ယူသွားပြီး အပြင်မထွက်သည့်ရက် များတွင် အမှတ်တရ ဝတ်ဆင်ခဲ့ပါသည်။ ပါရီတွင်ပညာ
သင်ခရီးသွားဆောင်းပါးများကို ကြေးမုံသို့ ရေးပို့ပါသည်။ ကြေးမုံဖတ် ပန်းချီပရိသတ်က ကျွန်တော်ရေးသားပေး ပို့ခဲ့သည့် ဆောင်းပါးများအနက် ''အထိမခံရွှေပန်းကန် မိုနာလီဇာ'' ကို အထူးစိတ်ဝင်စားခဲ့ကြပါသည်။
ကျွန်တော်ပြန်ရောက်ပြီး'ပါရီပန်းချီခရီးသည်' စာအုပ် ၁၉၇၆ ထုတ်တော့ စာကြေးမုံ ဦးကြီးမောင်(ဆရာ ငွေဥဒေါင်း)က ဝတ္ထုဟန်နှောခရီးသွားဆောင်းပါးများဟူ၍ ဂုဏ်ပြုရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုလည်း 'ဝင်းပ' ကလောင်နာမည်ဖြင့်ပင် ရေးသားခဲ့ပါသည်။စံလှစာပေကို စံလှက ထုတ်ဝေ၍ ပုဂံကိုချောက ပုံနှိပ်ပေးပါသည်။စာအုပ်မျက်နှာဖုံးကို ကျွန်တော့်မိတ်ဆွေ ပန်းချီဆရာငှက်ပျောသီးဇော်ဝင်းက ဆွဲပေးခဲ့ပါသည်။
ယခုနောက်ပိုင်းဝင်းပနာမည် ရံဖန်ရံခါသုံး၍ ပန်းချီလှတင်ထွန်းကိုသာ တောက်လျှောက်သုံးခဲ့ပါသည်။ သို့သော်ကြေးမုံကလောင် 'ဝင်းပ' ကိုတော့ အသိမှတ် ပြုခံရနေဆဲဖြစ်ပါသည်။ ဆရာဒေါက်တာဖေမြင့် ဝန်ကြီးမဖြစ်မီကလေးက နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး အလှူတော်မင်္ဂလာခန်းမတွင်တွေ့ရာ ကျွန်တော်ပန်းချီလှတင်ထွန်းပါဆရာဟု နှုတ်ဆက်မိပါသည်။
ထိုအခါ ဆရာ(ဝန်ကြီး)က 'ဝင်းပ' မဟုတ်ဘူးလားဟု ပြန်နှုတ်ဆက်စကားကြားရတော့ ဟုတ်ကဲ့ပါဆရာဟု ပြန် ပြောရင်း ကျွန်တော့်ကလောင် ကြေးမုံ 'ဝင်းပ' ကို အသိ အမှတ်ပြုခံရ၍ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ ဆရာဖေ
(ထိုစဉ်က ဝန်ကြီးမဖြစ်သေး၍) က ငါ့ကလောင်ဝင်းပကို အသိအမှတ်ပြုလိုက်တာပီတိဖြစ်ရကြောင်း ကျွန်တော့မိတ်ဆွေ ပန်းချီဆရာ စာရေးဆရာများကို ထုတ်ကြွားမိခဲ့ပါသည်။
ထို့ကြောင့် ကျွန်တော့်ဘဝမှာ 'ကြေးမုံ'က လွမ်းစရာ ...ပါခင်ဗျား။

No comments:

Post a Comment