
နေပြည်တော် မေ ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တကမြေအတွင်း ဆောက်လုပ်လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက အလှူငွေကျပ်သိန်း ၁ဝဝ ကို ပေးအပ်လှူဒါန်းရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက လက်ခံရယူသည်။
ထို့နောက် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ မိသားစုက အလှူငွေကျပ်သိန်း ၃၄ဝ၊ ရွှေတောင်ကုမ္ပဏီ လီမိတက်က ငွေကျပ်သိန်း ၅ဝဝ၊ Mother Industrial Co.,Ltd. က ငွေကျပ် သိန်း ၃၅ဝ၊ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃ဝဝ၊ ဧရာဝတီဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃ဝဝ၊ ထူး ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃ဝဝ၊ ကွန်းခိုရာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃ဝဝ၊ နေကမ္ဘာမြန်မာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၂ဝဝ၊ Amazing Group က ငွေကျပ်သိန်း ၂ဝဝ၊ ကြယ်နီလာ ကုမ္ပဏီက ငွေကျပ်သိန်း ၂ဝဝ၊ အောင်မြင်သူ ကုမ္ပဏီက ငွေကျပ်သိန်း ၂ဝဝ၊ Sky One Co.,Ltd .က ငွေကျပ်သိန်း ၂ဝဝ၊ K T Development က ငွေကျပ်သိန်း ၂ဝဝ၊Authentic Co.,Ltd. က ငွေကျပ်သိန်း ၂ဝဝ၊ IGE မျှဝေသောလက်များဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂ဝဝ နှင့် နောင်တုံကုမ္ပဏီက ငွေကျပ်သိန်း ၁ဝဝ တို့ကို အသီးသီးပေးအပ်လှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံရယူသည်။
ဆက်လက်၍ ကုမ္ပဏီများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့က အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် အလှူရှင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် လျာထားဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
အဆိုပါ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးအတွက် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်သိန်း ၇၃၉ဝ ကျော်ဖြစ်ပြီး ပထမအကြိမ်အပါအဝင် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၉၂၉ဝ ကျော် ဖြစ်ကြောင်း သိရှိရသည်။
ယခုဆောက်လုပ်နေသည့် သာသနာ့ဗိမာန်တော်ကြီးသည် အလျား ၁၈၆ ပေ၊ အနံ ၇၂ ပေရှိ နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး နှင့်ကပ်လျက် ဝတ္တကမြေအတွင်း၌ တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ ဗိမာန်တော်ကြီး တည်ဆောက် ပြီးစီးပါက ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း သံဃာတော်များ စာပြန်ပွဲကျင်းပခြင်း၊ ဘာသာရေး သာသနာရေးဆိုင်ရာ အခမ်းအနားများကျင်းပခြင်းများကို အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment