Monday, May 1, 2017

သြစတြေးလျနိုင်ငံ ဒီဇိုင်းနည်းပညာဖြင့် ခေတ်မီအဆင့်မြင့်သုံးထပ် မေယုဈေးသစ်ကြီး စစ်တွေမြို့၌ စတင်တည်ဆောက်

Image may contain: outdoor
စစ်တွေ ဧပြီ ၃ဝ
သြစတြေးလျနိုင်ငံ ဒီဇိုင်းနည်းပညာဖြင့် နိုင်ငံတကာ အဆင့်မီအဆင့်မြင့်သုံးထပ် မေယုဈေးသစ်ကြီးကို စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းမကြီးဘေး ယခင်မေယုဈေးဟောင်းနေရာတွင် ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဒေသခံ ကုမ္ပဏီဥက္ကဋ္ဌဦးဆောင်ကာ စတင်အကောင်အထည်ဖော် တည်ဆောက်နေပြီဖြစ်သည်။
''ဒီအဆင့်မြင့်မေယုဈေးသစ်ကြီးကို စတင်အကောင် အထည်ဖော်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ပြည်နယ်၊ တိုင်းဒေသကြီးတွေအများစုမှာ ခေတ်နဲ့လျော်ညီတဲ့ ဈေးကြီးတွေ၊Shopping Mall ၊Super Market တွေရှိကြတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် စစ်တွေမှာက ပြည်နယ်မြို့တော်ဖြစ်ပြီး အဲဒီလို ခေတ်မီဈေးကြီးတွေ မရှိဘူး။ ဒါကြောင့် ဟိုးအရင်ကတည်းက ဒီစစ်တွေမြို့မှာ ခေတ်မီဈေးသစ်ကြီး၊Shopping Mall ၊ Super Market တွေလို အဆင့်မြင့်ဈေးကြီးဆောက်ချင်ခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အစိုးရကိုတင်ပြခဲ့ပြီး ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ အခုလိုအကောင်အထည်ဖော် ဆောက်လုပ်ဖြစ်တာပါ။ ခုဆိုရင် ဆောက်လုပ်မှုပိုင်းဆိုင်ရာ အခြေခံလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ'' ဟု အဆိုပါ နိုင်ငံတကာအဆင့်မီအဆင့်မြင့် သုံးထပ်မေယုဈေးသစ် ကြီးကို တာဝန်ယူတည်ဆောက်မည့် စစ်တွေဒေသခံ အများပိုင်ကုမ္ပဏီ Western Shining Stars Public Co.,Ltd မှ ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။
ယခု အကောင်အထည်ဖော်တည်ဆောက်မည့် အဆင့်မြင့်သုံးထပ် မေယုဈေးကြီးကို ယခင်မူလမေယု ဈေးဟောင်းနေရာတွင် စစ်တွေဒေသခံအများပိုင်ကုမ္ပဏီWestern Shining Stars Public Co.,Ltd နှင့် Golden Green Energy Co., Ldt တို့က ရာခိုင်နှုန်း ၅ဝ စီ အချိုးကျထည့်ဝင်ကာ သြစတြေးလျနိုင်ငံဒီဇိုင်း နည်းပညာ ဖြင့် နိုင်ငံတကာအဆင့်မီ ဈေးကြီးအဖြစ် တည်ဆောက် သွားမည်ဖြစ်သည်။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်း ကာလကို လ ၃ဝ ခွင့်ပြုထားသော်လည်း တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီများအနေဖြင့် နှစ်နှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး လိုအပ်ပါက ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ကုမ္ပဏီများဖြင့်လည်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''အရင်ကတော့ ဒီမေယုဈေးဟောင်းနေရာမှာ လေဘေးအထည်ဆိုင်တွေ ရောင်းပါတယ်။ ပြည်နယ် အစိုးရနဲ့ MoU ထိုးပြီးတာနဲ့ ဒီလေဘေးအထည်ဆိုင် ၁၄၄ ခန်းအတွက် လောကနန္ဒာဘုရားကြီးကွင်းမှာ ကျွန်တော်တို့ ယာယီဈေးတစ်ဈေး ဆောက်လုပ်ပေးထားပါတယ်။ ပျံကျ ဈေးသည် ၇ဝ ကျော် ၈ဝ လောက်ကိုလည်း ပြည်နယ် အစိုးရရဲ့စီမံချက်နဲ့ မကျည်းမြိုင်မှာ ယာယီဈေးနေရာ ပေးထားပါတယ်။ ဒါတွေအပြင် ဝန်ထမ်းအလုပ်သမား တန်းလျား ၄၈ ခန်းကိုလည်း စည်ပင်သာယာပိုင်မြေထဲမှာ ကျွန်တော်တို့ကပဲ ဆောက်လုပ်ပေးထားပါတယ်။ ဒီသုံးထပ် မေယုဈေးသစ်ကြီး ပြီးရင်လည်း မြေညီထပ်မှာ နဂိုဧရိယာအတိုင်း ပျံကျဈေးသည်တွေကို အခမဲ့နေရာချ ထားပေးသွားမှာပါ။ အဓိကကတော့ စစ်တွေမြို့မှာ ခေတ်မီ ဈေးသစ်ကြီး အမြန်ပြီးစီးဖို့ဖြစ်ပါတယ်'' ဟု ဦးကျော်ရင်က ထပ်မံပြောသည်။
အဆင့်မြင့်သုံးထပ် မေယုဈေးဝင်းသည် အကျယ် အဝန်းအားဖြင့် သုံးဧကကျယ်ဝန်းပြီး အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊Shop House များကိုလည်း အဆိုပါ ဝင်းအတွင်း၌ပင် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သဖြင့် မေယုဈေးသစ်ကြီးသည် အနာဂတ်တွင် စစ်တွေမြို့၏ စီးပွားရေးဇုန်တစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်သည်။ တည်ဆောက်မှုလုပ်ငန်းများအတွက် ကုန်ကျငွေ အဖြစ် အဆောက်အအုံအကြမ်းထည် လျာထားမှုမှာ ငွေကျပ် ခုနစ်ဘီလီယံကျော်လျာထားပြီး အဆောက်အအုံမှာRC သံကူကွန်ကရစ်ဖြစ်ကာ စက်လှေကား လေးစင်း၊ ဓာတ်လှေကား နှစ်စင်း ပါဝင်မည်ဖြစ်သည်။
စစ်တွေမြို့၌ လာမည့် ၂ဝ၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် အဆင့်မြင့်သုံးထပ် မေယုဈေးသစ်ကြီး စတင်ဖွင့်လှစ်နိုင် တော့မည်ဖြစ်သည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မောင်မောင်သန့်(ကြေးမုံ)

No comments:

Post a Comment