Tuesday, May 30, 2017

ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား ကာလရှည်၊ ကာလတိုစီမံကိန်းများသတ်မှတ်၍ ဆောင်ရွက်သွားမည်

Image may contain: 1 person
နေပြည်တော် မေ ၂၉
ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အား ကာလရှည်နှင့် ကာလတိုစီမံကိန်းများ သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ မြန်မာနိုင်ငံတွင် ကလေးလုပ်သားများ လုပ်ငန်းခွင်မှတစ်ဆင့် သက်မွေးမှုသင်တန်းကျောင်းများတွင် ပညာသင်ကြားနိုင် ရေးနှင့် ကလေးလုပ်သားလျှော့ချနိုင်ရေး အစီအစဉ်တို့ကို အစိုးရမှ မူဝါဒရေးဆွဲပြီး ထိရောက်သောစီမံချက်များ၊ ဥပဒေများရေးဆွဲ၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အထက်ပါအတိုင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲကို မိမိတို့ဝန်ကြီးဌာနက ကျင်းပခဲ့ပြီးရရှိလာ သည့်ရလဒ်များဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား ကာလရှည် စီမံကိန်းအဖြစ် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၃၃ ခုနှစ်အထိ (၁၅)နှစ် သတ်မှတ်၍လည်းကောင်း၊ ကာလတိုစီမံကိန်းအဖြစ် ပထမ (၅)နှစ်(၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်ထိ)၊ ဒုတိယ (၅)နှစ် (၂ဝ၂၄ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်ထိ) တတိယ (၅)နှစ် (၂ဝ၂၈ ခုနှစ်မှ ၂ဝ၃၃ ခုနှစ်ထိ) သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း၊ မန္တလေး၊ မြောက်ဒဂုံ) တို့တွင် သက်မွေးပညာနှင့်ပတ်သက်၍ အခြေခံဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်သင်တန်း၊ အဲကွန်းပြုပြင်တပ်ဆင်သူ သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများကို ပို့ချပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကလေးလူငယ်များအား အခြေခံပညာရရှိစေရေးအတွက် အခမဲ့(မသင် မနေရ) အလယ်တန်းပညာရေးအစီအစဉ်၊ ဘဝရပ်တည် ရေးအတွက် အလုပ်လုပ်ကြရသော (သို့မဟုတ်) လမ်းပေါ် ရောက်နေကြသော ကလေးများနှင့် လူငယ်များသင်ယူနိုင်ရန် သင်ယူမှုပတ်ဝန်းကျင်အမျိုးမျိုးနှင့် သင်ယူမှုအခွင့် အလမ်းအမျိုးမျိုးကို ဖန်တီးပေးခြင်း၊ ကျောင်းပြင်ပရောက် လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရန်နှင့် လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အထောက်အကူပြုစေရန် လူငယ် ပညာရေးအသိအမှတ်ပြုအောင်လက်မှတ်အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့များ၊ ILO, UNICEF, INGO, NGO, CSOs အဖွဲ့ အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင်ထားသူသားသမီးတချို့တို့မှ မြန်မာနိုင်ငံသားမိဘ တစ်ဦးဦး၏ နိုင်ငံ၌ အခြေချနေထိုင်လိုကြ၍ မြန်မာနိုင်ငံသားအဖြစ် ခံယူရန် ဗဟိုအဖွဲ့သို့ လျှောက်ထားလာပါက မိမိတို့၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံခြားသားလက်မှတ်ကို ဦးစွာ စွန့်လွှတ်ထားရန် လို/မလို (သို့မဟုတ်) နိုင်ငံသား ပြုခွင့် လက်မှတ်ကျပြီးနောက်မှ နိုင်ငံခြားသားလက်မှတ်ကို စွန့်လွှတ်နိုင်ခွင့် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင်ထားသူအနေဖြင့် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့သို့ လျှောက်ထားမည်ဆိုပါက လက်ရှိကိုင်ဆောင်ထားသည့် နိုင်ငံခြားသားလက်မှတ်အား ဦးစွာစွန့်လွှတ်ရန် မလိုအပ်ပါ ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့မှ သတ် မှတ်ပြီးသည့် အချိန်မှသာ နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ် ကြောင်း၊ နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း မြန်မာနိုင်ငံ သားဥပဒေပုဒ်မ-၄၆(ခ) နှင့်အညီ ကတိသစ္စာပြုပြီးမှသာ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကို ဖျက်သိမ်းရမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
ယနေ့အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းနှင့် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးတို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာမေးခွန်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆိုင်ရာ မေးခွန်းတို့နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည် ရှင်းလင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment