Tuesday, May 30, 2017

မီးသုံးသူများနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီက ထောက်ခံချက်ပေးပို့လာပါက ခွင့်ပြုပေးလျက်ရှိ

Image may contain: 1 person, sitting and suit
နေပြည်တော် မေ ၂၉
ပြည်တွင်း၌ထုတ်လုပ်နေသော ယူရီးယားဓာတ်မြေသြဇာများ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် စနစ်တကျ ထုပ်ပိုးပြီး တောင်သူများလက်ဝယ်သို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ် လိုက်သည်။
ယင်းအဆိုကို မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ ဓာတ်မြေသြဇာထုတ် စက်ရုံများသည် လုံလောက်စွာထုတ်ပေးနိုင်ခြင်းမရှိသည့် အတွက် အိမ်နီးချင်းပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေ ပါကြောင်း၊ ပြည်ပမှ တင်သွင်းနေရသည့်အတွက် တောင်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရကြောင်း၊ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေ သြဇာ ၅ဝ ကီလိုဂရမ် တစ်အိတ်၏တန်ဖိုးသည် စက်ရုံ ထုတ်ဈေး ၁၄၄ဝဝ ကျပ်ရှိပါကြောင်း၊ အမှန်တကယ် တောင်သူများဝယ်ယူရသည့် ဈေးမှာ ကျပ် ၁၆၅ဝဝ မှ ၁၇ဝဝဝ ဝန်းကျင်ခန့်ရှိပါကြောင်း၊ ပြည်တွင်းမှထုတ်လုပ် သည့်ဓာတ်မြေသြဇာများသည် အမှန်တကယ် စိုက်ပျိုးရေး လုပ်ကိုင်သောတောင်သူများလက်ဝယ်သို့ အဆင်ပြေချော မွေ့စွာမရောက်ရှိကြောင်း လွှတ်တော်သို့ ဆွေးနွေးတင်ပြခဲ့သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းကြရန် လွှတ်တော်က အသိပေးကြေညာထားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် သံဖြူဇရပ်မဲဆန္ဒနယ် မှ ဦးÓဏ်ဟိန်း၏ နိုင်ငံအနှံ့ဖြစ်ပွားနေသော လျှပ်စစ် မီးလင်းရေးကော်မတီ၊ လျှပ်စစ်ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီများ၏ ပြဿနာကို ပိုမိုကောင်းမွန်ပြည့်စုံသည့် မူဘောင်စနစ်များချမှတ်၍ ဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာမီးလင်းရေး ကော်မတီများအား မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသအာဏာပိုင်များမှ ကြီးမှူးဖွဲ့စည်းပေးထားခြင်းဖြစ် ပါကြောင်း၊ မီးလင်းရေးကုန်ကျစရိတ်အတွက် ထည့်ဝင်ငွေ ကောက်ခံကြပါကြောင်း၊ ငွေကြေးစုဆောင်းခြင်း ကိစ္စရပ် များအား သက်ဆိုင်ရာ မီးလင်းရေးကော်မတီများနှင့် ကျေးရွာများ၏ ညှိနှိုင်းချက်များအရသာ ဆောင်ရွက်ရပါကြောင်း၊ ဌာနအနေဖြင့် လုပ်ငန်းခွင့်ပြုပေးခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာကြီးကြပ်ခြင်း၊ ထိန်းကျောင်းခြင်း ကိုသာ ဆောင်ရွက်ခွင့်ရှိပါကြောင်း။
ရန်ပုံငွေထည့်ဝင်ကြေးပေးလိုခြင်းမရှိဘဲ ဓာတ်အား ရယူလိုခြင်းအပေါ် ရန်ပုံငွေထည့်ဝင်ခဲ့ကြသော ကျေးရွာ သူ၊ ကျေးရွာသားများမှ လက်ခံသဘောတူခြင်း ရှိ၊ မရှိ ကို စဉ်းစားကြရမည်ဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေး ကော်မတီနှင့် ကျေးရွာနေပြည်သူများကသာ အများဆန္ဒ ဖြင့် ညှိနှိုင်းဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုယ့်အားကိုယ်ကိုးမီးလင်းပြီးကျေးရွာများ၏ ထပ်မံလျှောက်ထားလာသော မီးသုံးသူများနှင့်ပတ်သက်၍ သက်ဆိုင်ရာကျေးရွာ မီးလင်းရေးကော်မတီက ထောက်ခံချက်ပေးပို့လာပါက ခွင့်ပြုပေးလျက်ရှိပါကြောင်း။
ဌာန၏မီတာခနှုန်းထား ၃၅ ကျပ်အား ကျေးရွာသို့ မတန်တဆဈေးတင်ဖြန့်ဖြူးမှု အခြေအနေကိုခွင့်ပြုထား ခြင်းမရှိပါကြောင်း၊ သက်သေအထောက်အထား အခိုင်အမာဖြင့် ဆက်သွယ်သတင်းပေးလာပါက စိစစ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလင်းရေး ကော်မတီမှ လျှပ်စစ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီများ၏ ပြဿနာကို ပိုမိုကောင်းမွန်ပြည့်စုံသည့် မူဘောင် စနစ်ချမှတ်၍ ဖြေရှင်းပေးရန် အစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်တို့ကလည်း အုပ်ချုပ်ရေးနည်းလမ်းများဖြင့် ကြပ်မတ်ဆောင်ရွက်ပေးမည်ဆိုပါက ပိုမိုသင့်တော်ပါ ကြောင်း ဖြေကြားသည်။
ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ မြန်မာအမျိုးသား လေကြောင်းနှင့် ပုဂ္ဂလိက လေကြောင်းခရီးစဉ်တွင် လေကြောင်းဖြင့် လိုက်ပါမည့်ခရီးသည်ရပိုင်ခွင့်ထက် ပိုသောပစ္စည်း တင်ခကို လေယာဉ်ပျံသန်းချိန်၊ အကွာ အဝေးနှင့် မိနစ်သတ်မှတ်နှုန်းထားဖြင့် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တစ်ဦးလျှင် လက်ဆွဲ 7 Kg နှင့် အပ်နှံပစ္စည်း Kg 20 အား သယ်ဆောင်ခွင့်ပြုထားပါကြောင်း၊ ၄င်းသတ်မှတ်ချက်ထက် ကျော်လွန်သော ကုန်ပစ္စည်းများအား လေယာဉ်၏ တင်ဆောင်နိုင်သည့် အလေးချိန်နှင့် နေရာရရှိမှုအပေါ် မူတည်၍ ထပ်မံတင်ဆောင်နိုင်ပါကြောင်း၊ မြန်မာအမျိုး သားလေကြောင်းအနေဖြင့် ကုန်စည်တင်ဆောင်ခ တစ်ကီလိုလျှင် ကျပ် ၃၆ဝ နှင့် ပေါင်ပိုတင်ဆောင်ခ တစ်ကီလို ကျပ် ၂ဝဝဝ ပုံသေသတ်မှတ်ကောက်ခံလျက် ရှိပါကြောင်း။
ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများအနေဖြင့် ပေါင် ပိုတင်ဆောင်ခနှင့်ပတ်သက်၍ ခရီးစဉ်ပျံသန်းချိန်အပေါ် မူတည်၍ ပျံသန်းချိန် (၁)နာရီအောက် ခရီးစဉ်အတွက် ပေါင်ပိုတင်ဆောင်ခ တစ်ကီလို ကျပ် ၁ဝဝဝ၊ ပျံသန်းချိန် (၁)နာရီမှ (၂)နာရီအတွင်း ခရီးစဉ်အတွက် ပေါင်ပို တင်ဆောင်ခ တစ်ကီလိုလျှင် ၂ဝဝဝ ကျပ်နှင့် ပျံသန်းချိန် (၂)နာရီနှင့်အထက် ခရီးစဉ်အတွက် ပေါင်ပိုတင်ဆောင်ခ တစ်ကီလို ၃ဝဝဝ ကျပ် သတ်မှတ်ကောက်ခံလျက်ရှိပါ ကြောင်း၊ လေကြောင်းခရီးစဉ်တွင် လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်ရပိုင်ခွင့်ထက်ပိုသော ပစ္စည်း တင်ခကို လေယာဉ်ပျံသန်းချိန် အကွာအဝေးနှင့် မိနစ် သတ်မှတ်နှုန်းထားဖြင့် ပြင်ဆင်ပေးနိုင်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော အဝေးပြေးမော်တော်ယာဉ်လိုင်း ကားများအား ကားမထွက်မီ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယာဉ်၏အစိတ်အပိုင်းများ ကောင်းမွန်စွာအလုပ်လုပ်သုံး စွဲနိုင်မှု၊ ယာဉ်၏ ကိုယ်ထည်ကြံ့ခိုင်မှု၊ တာယာများစံချိန် စံညွှန်းနှင့်အညီကောင်းမွန်ကြံ့ခိုင်မှု၊ သတ်မှတ်လူစီးထိုင်ခုံ အရေအတွက်ထက် ပိုမိုတပ်ဆင်ထားမှု၊ ခရီးသည်အရေ အတွက်နှင့် ကုန်ပစ္စည်းတင်ဆောင်မှုသတ်မှတ်ချက်များ နှင့်ကိုက်ညီမှု၊ သတ်မှတ်ထားသည့်အတိုင်း မီးသတ်ဆေး ဘူးများ တပ်ဆင်ထားမှု၊ အရေးပေါ်ထွက်ပေါက်နှင့်အသုံး ပြုနိုင်မှု၊ လေကာမှန်၊ ရေသုတ်တံများကောင်းမွန်မှု၊ သတ် မှတ်ရောင်ပြန်ပြားများတပ်ဆင်ထားမှု၊ ယာဉ်ရပ်နားစဉ် တွင် အသုံးပြုသည့် တြိဂံရောင်ပြန်ပါမှု၊ အရေးပေါ်အချိန် တွင် မှန်ခွဲသည့်တူများအား ခရီးသည်များ အလွယ်တကူ အသုံးပြုနိုင်သောနေရာတွင် တပ်ဆင်ထားမှု၊ ရှေ့လေ ကာမှန်နှင့် ဘေးပြတင်းမှန်များ ကောင်းမွန်ပြည့်စုံမှု၊ နောက်မြင်ကွင်းအား လွယ်ကူရှင်းလင်းစွာ တွေ့မြင်နိုင်မှု၊ မူလစက်ရုံထုတ်ထိုင်ခုံခါးပတ်များအား ကောင်းမွန်စွာ အသုံးပြုနိုင်မှု ရှိ/ မရှိ အခြေအနေများကို အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိပါကြောင်း။
လုပ်ငန်းလိုင်စင်မရှိခြင်း၊ ယာဉ်မောင်း အရက်သေစာ သောက်စားထားခြင်းများကို စစ်ဆေးတွေ့ရှိပါက ယာဉ်ကို ချက်ချင်းရပ်တန့်စေပြီး အခြားပြည့်စုံသည့် ယာဉ်ဖြင့် အစားထိုးပြီးမှသာ ထွက်ခွာစေပါကြောင်း၊ စည်းကမ်းနှင့် မညီညွတ်သည့် ယာဉ်များကို မှတ်တမ်းတင်ထားရှိခြင်း၊ ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်ပါကြောင်း။
မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော အဝေးပြေး မော်တော်ယာဉ်လိုင်းကားများအား မောင်းနှင်နေသော ယာဉ်မောင်းသူများအနေဖြင့် အရက်၊ ဘီယာများ သောက် ပြီးမှ မောင်းနှင်ခြင်း၊ လက်ကိုင်ဖုန်းများပြောဆိုပြီး မောင်းနှင် ခြင်းများမရှိစေရေးနှင့်စပ်လျဉ်း၍ စီမံချက်များချမှတ်လျက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ပညာပေးခြင်း၊ စစ်ဆေး ကြပ်မတ်အရေးယူခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ခရီးသည်ပို့ဆောင်ရေးယာဉ်များ ခရီးစဉ်မထွက်ခွာမီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့နည်းကျဆင်းစေရေး အတွက် စစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့ပြင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ကျိုက်မရောမဲဆန္ဒနယ်မှ ဦးစော ကျော်ဝင်းမောင်၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင် တို့ မေးမြန်းသည့် စက်သုံးဆီအရောင်းဆိုင်များ မြို့ပြင် ရွှေ့ပေးရေး၊ မူးမြစ်ကမ်းကျောက်စီမြေထိန်းနံရံကာ ဆောက်လုပ်ပေးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ပို့ဆောင်ရေး ကဏ္ဍဆိုင်ရာမေးခွန်းများကို ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးကျော်မျိုးတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ''ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ ကြမ်း'' လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာဖတ်ကြား ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment