Tuesday, May 30, 2017

သီရိလင်္ကာတွင် မိုးသည်းထန်စွာရွာသွန်း မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် လူ ၁၆ဝ ကျော်သေဆုံး

Image may contain: one or more people, sky, tree, outdoor and water
ကိုလံဘို မေ ၂၉
သီရိလင်္ကာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီး ရေလျှံမှုများကြောင့် သေဆုံးသူ ၁၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးနေသော လူ ၁ဝ၂ ဦးကို ရှာဖွေလျက်ရှိကြောင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန် ရှိသူများက ပြောကြားသည်။
လွန်ခဲ့သည့် သီတင်းပတ်ကတည်း က မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည့် အတွက် သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများဖြစ် ပွားလျက်ရှိသည်။ အဆိုပါ သဘာဝ ဘေးအန္တရာယ်ကို လူပေါင်း ၅ဝဝဝဝဝ ခန့် ခံစားရသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ စစ်ဘက်ရဟတ် ယာဉ်များက ဒုက္ခရောက်နေသူများကို အစားအစာနှင့် ဆေးဝါးများ ပို့ဆောင် ပေးလျက်ရှိသည်။ သေဆုံးမှု အများစုမှာ ရေကြီးမှုကြောင့်မဟုတ်ဘဲ မြေပြိုမှုကြောင့်ဖြစ်သည်။
တောင်စောင်းနေရာက အိမ်များမြေပြို၍ ပိကျပျက်စီးရာမှ သေဆုံးမှုများပြီး ပျက်စီးသည့် အိမ်ခြေပေါင်း ၂ဝဝဝ နီးပါးရှိနေသည်။
ယခု မိုးရွာသွန်းမှုမှာ ၂ဝဝ၃ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပြီး ထိုစဉ်က လူ ၂၅ဝ ခန့်သေဆုံးခဲ့သည် ဟု တာဝန်ရှိသူများက ပြောကြားသည်။
လာမည့်ရက်များအတွင် မိုးရွာ သွန်းမှုနှင့် လေတိုက်မှုများရှိလာနိုင်သည့်အတွက် မြစ်ကမ်းဘေး တစ်လျှောက် နေထိုင်သူများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းကြရန် အကြံပြုသတိပေးထားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment