Monday, May 29, 2017

သန်လျင်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်ဖွင့်ပွဲကျင်းပမည်

Image may contain: sky, house and outdoor
ရန်ကုန် မေ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ခုတင် (၂ဝဝ) ဆံ့ သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာများ ကျန်းမာ ရေးစောင့်ရှောက်မှု အဆင်ပြေစွာခံယူနိုင်ရန် လိုအပ်သည့် တိုးချဲ့ဆောင်များဆောက်လုပ်ခြင်းကို နိုင်ငံတော်ဘတ်ဂျက် ဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးသဖြင့် မေ ၃ဝ ရက်တွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သန်လျင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ပြောသည်။
တိုးချဲ့ဆောင်များတည်ဆောက်ရာတွင် ပြင်ပလူနာ ဌာန နှစ်ထပ်ဆောင်နှစ်ဆောင်၊ ဓာတ်မှန်၊ CT Scan စသည်များ ထားရှိရန်အဆောင်၊ OT ပါသည့်နှစ်ထပ်ဆောင် တစ်ဆောင်၊ အရေးပေါ်ကုသဆောင်တစ်ဆောင်၊ ဆေးရုံ အုပ်ကြီး နေအိမ်၊ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲလေးထပ်နှင့် ခြောက်ခန်းတွဲလေးထပ်တို့ပါဝင်ကြောင်း သိရသည်။
''ဒါတွေဆောက်ပြီးသွားပြီဆိုတော့ လူနာတွေကို အရင်ကထက် ပြည့်ပြည့်ဝဝဆေးရုံတင်ပြီး ကြည့်သင့် ကြည့်ထိုက်တာတွေကို ကြည့်ပေးနိုင်တော့မှာပါ။ အားလုံး ပေါင်း လူနာ ၃ဝဝ နီးပါးဆံ့တယ်။ ခုတင် (၃ဝဝ)အားလောက်ကို ဆရာဝန်တွေ ပေးထားမှာပါ'' ဟု ဆေးရုံ အုပ်ကြီးက ပြောသည်။
ထို့အပြင် ဆေးရုံ၌ သန့်ရှင်းရေးဝန်ထမ်းလုံလောက်မှု မရှိ၍ နေ့စားဝန်ထမ်းများခန့်အပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ တင်ပြ ထားကြောင်း သိရသည်။
''သန့်ရှင်းရေးဝန်ထမ်းက အနည်းဆုံး ၁ဝဝ ရှိရမှာ။ အခု ၃၈ ဦးပဲရှိတယ်။ ပြီးတော့ လူနာအစောင့်တွေ နားနေ ဆောင်မရှိသေးဘူး။ သူတို့အတွက် အိမ်သာနဲ့ ရေချိုးခန်း အရေးတကြီးလိုအပ်တယ်'' ဟု ၎င်းက ပြောသည်။
သန်လျင်ပြည်သူ့ဆေးရုံကြီးကို ၂ဝ၁၅ ခုနှစ်မှစ၍ အစိုးရပိုင်ဆေးရုံအဖြစ်ပြောင်းလဲခဲ့ပြီး ခုတင် (၅ဝ) ဆံ့မှ ခုတင် (၁၅ဝ) ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲတိုးချဲ့ခဲ့ကြောင်း ၂ဝ၁၄ ခုနှစ် ဇွန်လမှစ၍ ခုတင် (၂ဝဝ) ဆံ့ ဆေးရုံကြီး အဖြစ် အဆင့်ဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
(ဇာနည်မောင်)

No comments:

Post a Comment