Monday, May 29, 2017

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကူညီပံ့ပိုးနေပါတယ်

Image may contain: 1 person, indoor
The Global New Light of Myanmar တွင် မေလ ၂၈ ရက်က ဖော်ပြပါရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဝိခရမ်မစ်ဆာရီနှင့် တွေ့ဆုံမေးမြန်းမှုများကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။
မေး။ ။ အဆွေတော်အနေနဲ့ အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြား အပြန်အလှန်ဆက်ဆံရေးမှာ အဓိကဦးစားပေး အချက်ကို ပြောပြနိုင်မလား။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ လောလောဆယ်မှာ အိန္ဒိယနှင့်မြန်မာနိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး ကို အလေးထားနေတဲ့ အချိန်ဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး အသွင်ကူးပြောင်းရေး တည်တည်ငြိမ်ငြိမ်၊ ချောချောမောမော၊ အေးအေးချမ်းချမ်း ဖြစ်သွား ခဲ့တာ ကျွန်တော်တို့အလွန်ဝမ်းမြောက်ပါတယ်။ ဒါကလည်း ရှေ့ဆက်သွားမယ့်အစီစဉ်တစ်ရပ်လို့ထင်ရပြီး နိုင်ငံရေး ပါတီ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အင်စတီကျူးရှင်းနဲ့ တပ်မတော်ဘက် တာဝန်ရှိသူများပါဝင်တဲ့ သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဒီမိုကရေစီသို့ကူးပြောင်းနေဆဲ
ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ကဏ္ဍတစ်ခုစီမှာ ပါဝင်ခဲ့ကြလို့ပါပဲ။ အခုအချိန်အခါမှာတော့ မြန်မာပြည် ရဲ့ ဒီမိုကရေစီဟာ ကနဦးအဆင့်၌သာ ရှိနေသေးတာမို့ နုနယ်သေးတယ်လို့ထင်ပါတယ်။ ဒီမိုကရေစီသို့ ကူးပြောင်း နေဆဲ မြန်မာနိုင်ငံအနေနဲ့ ထိုအသွင်ကူးပြောင်းရေး အစဉ်အလာများထဲကတချို့ကို ပြန်လည်ရှာဖွေနေရဆဲဖြစ် လို့ ကျွန်တော်တို့အနေနဲ့လည်း အကူအညီပေးဖို့အသင့် ပါပဲ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး မိမိနိုင်ငံအတွင်း၌သာမက အခြားသောဒေသဆိုင်ရာ နိုင်ငံ များအတွက်ပါ ဒီမိုကရေစီဖော်ဆောင်ရာမှာ အောင်မြင် အောင် ကူညီပံ့ပိုးနိုင်ခဲ့တဲ့ မိမိတို့အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကူညီပံ့ပိုးမှု တွေများစွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြန်လည်ဦးမော့လာ
ကျွန်တော်တို့ရဲ့ ဒုတိယဦးစားပေးက မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန်လည်ဦးမော့လာဖို့အတွက် အကူအညီ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုကနေတစ်ဆင့် ပါဝင် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ စီးပွားရေးရေစီးကြောင်းကနေ ကာလအတန်ကြာ ဝေးကွာ ခဲ့ပြီးတဲ့နောက် အခုလိုနိုင်ငံတကာ စီးပွားရေးရေစီးကြောင်း ထဲ ပြန်လည်ဝင်ရောက်လာချိန် အာရှဒေသမှာ လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မိမိတို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဆင့်ဆင့်ကျော်လွှား ခဲ့ရတဲ့ အခက်အခဲနဲ့ အတွေ့အကြုံပေါ်အခြေခံပြီး မြန်မာနိုင်ငံကို ကူညီပံ့ပိုးဖို့ အကောင်းဆုံးအနေထားမှာ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ တတိယဦးစားပေးကတော့ လုံခြုံရေးမြှင့်တင်ဖို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့ ပြည်တွင်းစစ်နဲ့ တွေ့ကြုံခဲ့ရပါ တယ်။ ကံဆိုးတယ်လို့ပြောရမလားပဲ နိုင်ငံရဲ့ အချို့ဒေသ တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲပါပဲ။ ဒါကြောင့်မို့လည်း မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်ထည်ဖော်ခဲ့ပြီး အဲဒီလုပ်ငန်းစဉ်အောင်မြင်ဖို့ အတွက် ကျွန်တော်တို့အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အေးချမ်း တည်ငြိမ်မှုနဲ့သာယာဝပြောမှုဟာ မြန်မာပြည်သူတွေ အတွက်ချည်းပဲ အကျိုးရှိတာမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများ အတွက်ပါ အကျိုးရှိစေတာဖြစ်လို့ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့အရေးကြီးဆုံးနဲ့ အကြီးမားဆုံး ဦးစားပေး မှုဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးခိုင်မာကောင်းမွန်မှုဖြစ်ပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် မှာဖြစ်ပါတယ်။
မေး။ ။ အစိုးရသစ်အနေနဲ့ နိုင်ငံ့တာဝန်ကိုတစ်နှစ်ကျော် ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်နှင့်အတူ ဒီမိုကရေစီ အရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် တက်လာ တာတွေ့မြင်ရလို့ အိန္ဒိယကနေ ကျွန်တော်တို့ အလွန် ဝမ်းမြောက်ရပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီအစိုးရအဖြစ်အသွင်ကူးပြောင်းခြင်းနဲ့အတူ သက်တမ်း တစ်နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီကာလအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု တွေရှိသလို စိန်ခေါ်မှုတွေလည်းရှိခဲ့ပါတယ်။ ပြည်သူတွေ မျှော်လင့်ချက်ကြီးမားတဲ့အချိန်မှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုလုပ်ဆောင်နေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရမယ်ဆိုတာငြင်းလို့မရပါဘူး။ ပြည်သူ့အသံကိုနားထောင်ရခြင်း၊ ဝေဖန်မှုကို လက်ခံရခြင်းဆိုတဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကြီးမှာ အသွင်ကူးပြောင်းရေးလုပ်ရတာ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဒီဟာတွေဟာ လွယ်ကူမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီမိုကရေစီဆိုတာ သစ်ဖောင်တစ်ခုနဲ့တူပါတယ်။ လှိုင်း ပေါ်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ရေပေါ်မှာအမြဲရှိနေပါ တယ်။ သစ်ဖောင်ကစည်းထားတဲ့သစ်တွေဟာ နိုင်ငံရေး ပါတီ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းနဲ့ တပ်မတော်က လူတွေအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုလိုပဲ စုပေါင်းထားတာဖြစ်ပါတယ်။ စုစည်းချည်နှောင်ထားတဲ့ကြိုးတွေဟာ အင်စတီကျူးရှင်း၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်သောတရားစီရင်ရေး၊ လွတ်လပ်သောမီဒီယာတွေပါပဲ။
စိန်ခေါ်မှုတွေ
ထိုကြိုးတွေကနေ Stakeholder ဆိုတဲ့ သစ်ဖောင်ကို ချည်နှောင်ထားပြီး သစ်ဖောင်နစ်မြုပ်မသွားအောင် လုပ်ဆောင်ပေးပါတယ်။ အသွင်ကူးပြောင်းရေးကာလ ကြာနိုင်တဲ့အတွက် နေ့ချင်းညချင်း ချောချောမောမော ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ အဘက်ဘက်က ကျရောက်လာတဲ့ စိန်ခေါ်မှုတွေကို မြန်မာပြည်သူတွေက အကောင်းဆုံးခံနိုင်ရည်နဲ့ ရင်ဆိုင်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်မှာလည်း စိန်ခေါ် မှုတွေနဲ့ ထပ်မံကြုံရမယ်ဆိုတာ ယုံမှားသံသယမရှိပါဘူး။ ယင်းစိန်ခေါ်မှုတွေရင်ဆိုင်ရတာ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ အရင်းအမြစ်ရှိနေတာတွေဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အမြင်အရပြောရရင် ယင်းစိန်ခေါ်မှုတွေ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ ဆုံးဖြတ်ချက် ချဖို့ရာ မြန်မာပြည်သူတွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ် တွေရဲ့အပေါ်မှာ မူတည်ပါတယ်။ သို့သော်လည်း ပြင်ပက လူတွေဖြစ်နေတဲ့ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေ စိန်ခေါ်မှုတွေရင်ဆိုင်နေကြချိန်မှာ ကူညီပံ့ပိုးနိုင်ပြီးမြန်မာ ပြည်သူနဲ့အတူ အမြဲတမ်းလက်တွဲနေမှာဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်ထည်ဖော်နေတဲ့ကာလမှာ မြန်မာအစိုးရအတွက် အဓိကစိန်ခေါ်မှုတွေ ဟာ ဘာတွေဖြစ်လိမ့်မလဲ။
ငြိမ်းချမ်းရေးအတွက်နဲ့ လုံးပန်းနေခဲ့
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာအစိုးရ အတွက် အလွန်အရေးကြီးတဲ့ ဦးစားပေးကိစ္စတစ်ရပ်ပဲဖြစ်ပါ တယ်။ နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်မယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ဦးစားပေးဖော်ဆောင်ခြင်းဟာ မှန်ကန် တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၇ဝ ကျော်အထိ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက်နဲ့ လုံးပန်းနေခဲ့ရလို့ပါ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုရာမှာ အိန္ဒိယကသက်သေအဖြစ် တက်ရောက်ခဲ့တဲ့ အတွက် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးမှာ အစွမ်းကုန်ပါဝင်နေပါတယ်။
အရှေ့ပိုင်းနဲ့ မြောက်ပိုင်းနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြတ်တောင်းပြတ်တောင်းဖြစ်နေရတာကို မြင်ရလို့ မိမိတို့အနေနဲ့အခြားသူတွေလိုပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး လူတိုင်း လူတိုင်း ဆွေးနွေးပွဲစားပွဲပေါ် ပြန်လည်ရောက်ရှိကြမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ စားပွဲဝိုင်းမှာထိုင်ပြီး ပြဿနာကို ဒူးတိုက်ဆွေးနွေးနိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ တွေ့ဆုံကြခြင်းထက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိမှာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း တွေ့ဆုံ ဆွေးနွေးပွဲပါ အချက်အလက်တွေကို သဘောတူလက်ခံနိုင် မယ့် အခြေအနေအထိ ရောက်ရှိလာကြမယ်လို့ ကျွန်တော် တို့မျှော်လင့်ပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင် မြင်ရင်တော့ ကျွန်တော်တို့ အလွန်ဝမ်းမြောက်ရမှာဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့နယ်စပ် ဒေသအများစုဟာ အေးချမ်းလျက်ရှိနေပါတယ်။ နယ်စပ် ဒေသမှာရှိတဲ့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်စရာမလိုတဲ့ အတွက် အလွန်ကောင်းမွန်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်း မှာ ခိုလှုံနေတဲ့ အိန္ဒိယသောင်းကျန်းသူတွေ ရှိနေသေးတဲ့ အတွက် ကျွန်တော်တို့ဘက်ကလည်း စိုးရိမ်မှုအချို့ရှိနေပါ တယ်။ သို့သော်လည်းပဲ ထိုအခြေအနေတွေကို ကိုင်တွယ်ဖို့ မြန်မာအာဏာပိုင်များနဲ့ ကောင်းမွန်တဲ့လုပ်ထုံးလုပ်နည်း တွေကို ချမှတ်ထားပါတယ်။ မြန်မာ့မြေပေါ်မှာ အိန္ဒိယနိုင်ငံ ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ခွင့်ပြုမှာမဟုတ်ကြောင်း မြန်မာအာဏာပိုင်တွေကပေးတဲ့ အာမခံချက်အပေါ် ကျွန်တော်တို့ကြိုဆိုပါတယ်။ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာ မြန်မာနယ်စပ်တစ်လျှောက်မှာ အခြေစိုက်လှုပ်ရှား နေတဲ့ အုပ်စုတွေအပေါ်မှာလည်း အကျုံးဝင်တယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အခုတော့ (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ကျင်းပနေပြီဖြစ်တဲ့အတွက် နောက်ထပ်အောင်မြင်မှုအချို့ ရလိမ့်မယ်လို့မျှော်လင့်ပါ တယ်။ အဲဒါမှသာလျှင် မြန်မာပြည်သူတွေဟာ အေးချမ်း တဲ့ အနာဂတ်တစ်ရပ်ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
မေး။ ။ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စား နိုင်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးလိုပါတယ်။ လွန်ခဲ့တဲ့သုံး၊ လေးနှစ်က မြန်မာနိုင်ငံ မှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေနဲ့ အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေ ပိုပြီးဆက်သွယ်မှုရှိလာတယ်ဆိုတာ ဟုတ်ပါ သလား။ ပုဂ္ဂလိကကဏ္ဍအချင်းချင်း ချိတ်ဆက်မှုအရေးပါပုံနဲ့ မြန်မာနိုင်ငံမှာ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင် စားတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားကို သိချင်ပါတယ်။
ပိုပြီးစိတ်ဝင်စားလာ
ဖြေ။ ။ အိန္ဒိယနိုင်ငံက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ ထိတွေ့ဆက်ဆံမှုတွေမြှင့်တင်ဖို့ ပိုပြီးစိတ်ဝင်စားလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယနိုင်ငံကိုရောက်ရှိလာစဉ် နယူးဒေလီမှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ အိန္ဒိယစက်မှုလုပ်ငန်းကအကြီးအကဲ တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မကြာသေးမီက အိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ချိန်မှာ အိန္ဒိယ နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများအသင်းက ကိုယ်စားလှယ် တွေနဲ့တွေ့ဆုံပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ အကျိုးစီးပွား ဖော်ဆောင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ နေရာတစ်ခုအဖြစ် စိတ်ဝင်စားခဲ့သလို မြန်မာနိုင်ငံမှာလာရောက်ဖို့ စိတ်ဝင်စားကြတဲ့အတွက် လည်း ကျွန်တော်အံ့သြရပါတယ်။ သူတို့တွေစိတ်ဝင်စားကြ တဲ့ အကြောင်းအရင်းကလည်း ထင်ရှားစွာရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကြီးမားသော ဈေးကွက်တစ်ရပ်နဲ့အတူ ထုတ်ယူအသုံးမပြုရသေးတဲ့ သယံဇာတတွေများစွာရှိနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင် စတင် ရင်းနှီးမြှုပ်နှံတဲ့ နှစ်ပိုင်းအတွင်းမှာပဲ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ အခြေ
ခံအဆောက် အအုံ၊ စွမ်းအင်မလုံလောက်မှုဆိုတဲ့ အခက်အခဲအချို့တို့ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေပိုပြီး စိတ်ဝင်စားမှု ရှိလာအောင် မြန်မာအစိုးရအနေနဲ့ မျှတမှုရှိတဲ့မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်မှာ စီးပွားရေးလုပ်ငန်းစက်ရုံတွေ၊ ဓာတ်မြေသြဇာစက်ရုံတွေ တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ကူးသန်းရောင်းဝယ်ရေး လုပ်နေတဲ့ အိန္ဒိယကုမ္ပဏီများလည်းရှိပါတယ်။ ကုန်သွယ်မှု အဆင့်ကနေ ရင်းနှီးမြှုပ်နှံမှုအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ကြဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ကြဖို့ ဖော်ပြပါအိန္ဒိယကုမ္ပဏီတွေကို ကျွန်တော်ကိုယ်တိုင် တိုက်တွန်းအားပေးခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီတွေထဲကအချို့ဟာ မြန်မာနိုင်ငံရဲ့သီးခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်နေကြပါပြီ။ နှစ်ဦး နှစ်ဖက် အကျိုးစီးပွားအတွက် ကျွန်တော်တို့များများစားစား ပံ့ပိုးနိုင်တဲ့ကဏ္ဍတွေကတော့ စွမ်းအင်၊ ပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာတွေ ဖြစ်ပါတယ်။ စွမ်းအင် တို့လို ကဏ္ဍတွေမှာ လုပ်ငန်းအချို့ ဖော်ဆောင်ခဲ့ပြီးဖြစ်ပါ တယ်။ ဒါကြောင့်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွေမှာ ကျွန်တော်တို့ အောင်မြင်မှုအများကြီးရနေပါပြီ။
အခြေခံအဆောက်အအုံ များစွာလိုအပ်
မြန်မာနိုင်ငံဟာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည်စွမ်းအင်နဲ့ ပတ်သက်ရင် ရွှေတွင်းတစ်တွင်းပေါ်မှာ ထိုင်နေတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံရဲ့ သုံးပုံတစ်ပုံဟာ မဟာဓာတ်အား လိုင်းနဲ့ ချိတ်ဆက်နိုင်မှုမရှိတာဖြစ်လို့ နေရောင်ခြည်စွမ်းအင် ကို ဖော်ဆောင်နိုင်သည်နဲ့အမျှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လည်း ရရှိလာမှာဖြစ်ပါတယ်။ နေရောင်ခြည်စွမ်း အင်ဟာ ဝေးလံတဲ့ကျေးလက်ဒေသက ပြည်သူတွေအတွက် အဖြေတစ်ခုပါပဲ။ ထို့အတူ ရေအားလျှပ်စစ်စွမ်းအင်ကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံအကြားဆွေးနွေး ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျန်းမာရေးနဲ့ပညာရေး ကဏ္ဍမှာတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ကမ္ဘာအဆင့်ကုမ္ပဏီ ကြီးတွေကနေ အတွေ့အကြုံမျှဝေပြီး အောင်မြင်မှုတွေ ဖော်ဆောင်နိုင်မယ့် နယ်ပယ်တွေပဲဖြစ်ပါတယ်။ သတင်း နည်းပညာနဲ့ အင်္ဂလိပ်စာသင်ကြားရေးကဲ့သို့သော စွမ်းရည် တည်ဆောက်ရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ် သင်တန်းတွေနဲ့အတူ မြန်မာနိုင်ငံမှာ အင်စတီကျူးရှင်းတွေ စတင်တည်ဆောက်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခြေခံ အဆောက်အအုံ များစွာလိုအပ်နေတဲ့အတွက် လာမယ့် အခြေခံအဆောက်အအုံတည်ဆောက်ရေးမှာ မြန်မာ အစိုးရနဲ့ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လိုပါတယ်။
မေး။ ။ နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မယ်လို့ ပြောမလဲ။ ဥပမာ နယ်စပ် လုံခြုံရေး၊ ရာဇဝတ်မှုတွေ၊ တရားမဝင် ရွှေ့ပြောင်းသွားလာ သူတွေ ဒါမှမဟုတ် တစ်စုံတစ်ခုဟာမျိုးပေါ့။
နယ်နိမိတ်ချင်းထိစပ်နေ
ဖြေ။ ။ နယ်စပ်တစ်လျှောက်က စိန်ခေါ်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့နှစ်နိုင်ငံက ကီလိုမီတာ ၁၆ဝဝ ရှိတဲ့ အလွန်ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မူးယစ်ဆေးဝါး၊ လူမှောင်ခိုကူးမှုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပြဿနာတွေက နယ်စပ်မှာ သေချာပေါက်ရှိနေပါတယ်။ ကောင်းတဲ့အချက်ကတော့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါတယ်။ ဒီပြဿနာတွေကိုကိုင်တွယ် ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဆောင်ရွက်ဖို့ နယ်ပယ်အချို့မှာ ကျွန်တော်တို့ သဘောတူညီထားတာတွေ လည်း ရှိပါတယ်။ ဒါတွေဟာ အလွန်ရှည်လျားတဲ့ နယ်စပ် တစ်လျှောက် တစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်းလို့မရ ပေမယ့် ကျွန်တော်တို့အတွက် သဘောတရားနဲ့ဆိုင်တဲ့ အကျပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေး ချမ်းမှု အရှိဆုံးနယ်စပ်ဖြစ်ပြီး နှစ်နိုင်ငံစလုံးအနေနဲ့ ဒီပြဿနာတွေကိုထိန်းချုပ်ဖို့နဲ့ ကြိုတင်တားဆီးဖို့ အားထုတ်ကြိုးပမ်းသင့်ပါတယ်။
စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးတာထက် အိန္ဒိယနဲ့ မြန်မာကြား နောက်ထပ် စိန်ခေါ်မှုအကြောင်း ကျွန်တော် ပြောချင်ပါတယ်။ အဲဒါကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အမှန်တကယ် မေ့လျော့နေတဲ့အရာကို ပြန်ရှာဖွေရမယ့် ကိစ္စဖြစ်ပါ တယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ သမိုင်းကြောင်း၊ ပထဝီအနေအထား၊ စာပေ၊ ဘာသာရေး၊ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှု၊ အစားအသောက်မှာသာမက မျက်မှောက်ကာလမှာလည်း ကိုလိုနီစနစ်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံနဲ့ လွတ် လပ်ရေးရရှိဖို့ တိုက်ပွဲဝင်ခဲ့ရမှုနဲ့ ရုန်းကန်ခဲ့ရမှုတွေမှာ အလွန်ကို နီးကပ်မှု ရှိခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် အကြောင်း ပြချက်အချို့ပေးရမယ်ဆိုရင် အထူးသဖြင့် တံခါးပိတ်ပြီး ထီးတည်းဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကြောင့် ကျွန်တော်တို့အချင်းချင်းကြား ဆက်သွယ်မှုအချို့ မရှိခဲ့ဘူး လို့ထင်ပါတယ်။ ကျွန်တော်တို့ ပြန်လည်ဆက်သွယ်မှုတွေပြုလုပ်ပြီး ကျွန်တော် တို့နှစ်နိုင်ငံဟာ ဘယ်လောက်ထိ အမှန်တကယ် နီးကပ်မှုရှိတယ်ဆိုတာ နောက်တစ်ကြိမ် ရှာဖွေဖို့လိုအပ်ပါတယ်။ ဒါကို ပြည်သူအချင်းချင်းဆက်သွယ်မှု အရှိန်မြှင့်တင်ပြီး နှစ်နိုင်ငံစလုံးမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေက ပါဝင်ပတ်သက် သူတွေကြား ဆက်သွယ်မှုနယ်ပယ်တွေ တိုးမြှင့်ဖို့ ကြိုးပမ်းခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် အခြားစိန်ခေါ်မှုတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလာမယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး။ ။နှစ်နိုင်ငံဆက်ဆံရေးအတွက် အိန္ဒိယအစိုးရမှာ သီးသန့်အစီအစဉ် တစ်ရပ်ရှိပါသလား။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အိန္ဒိယအစိုးရက ဘယ်လိုပံ့ပိုးကူညီနိုင်ပါသလဲ။
ဖြေ။ ။နှစ်နိုင်ငံကြားဆက်ဆံရေးအရဆိုရင် မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးဟာ အလွန်ကို ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံမှုဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ပံ့ပိုးကူညီခဲ့တဲ့ ဖွံ့ဖြိုးရေးအကူအညီက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံနီးပါးရှိပါတယ်။ ဒီဖွံ့ဖြိုးရေးအကူ အညီတွေမှာ မြေပြင်အကူအညီကနေတစ်ဆင့် ငွေကြေးပံ့ပိုးခဲ့တဲ့စီမံကိန်း တွေနဲ့ အတိုးနှုန်းအလွန်ကိုသက်သာတဲ့ ချေးငွေတွေကတစ်ဆင့် ငွေကြေးပံ့ပိုး ခဲ့တဲ့ စီမံကိန်းတွေပဲဖြစ်ပါတယ်။ တည်ဆောက်မှုပြီးစီးသွားပြီဖြစ်တဲ့ စစ်တွေနဲ့ ပလက်ဝက ဆိပ်ကမ်းတွေပါဝင်တဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project) ကဲ့သို့သော မြန်မာနိုင်ငံမှာလုပ်ဆောင်လျက်ရှိတဲ့ သိသာထင်ရှားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ များစွာရှိပါတယ်။ မြန်မာနိုင်ငံ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်က Zorinpui လို့ခေါ်တဲ့ နေရာတစ်ခုကို ဆက်သွယ်မယ့် လမ်းမကြီး တစ်ခုတည်ဆောက်ဖို့ ပထမအဆင့် ကန်ထရိုက်စာချုပ်ကို ကျွန်တော်တို့ ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ တစ်ချိန်မှာ လုပ်ငန်းအပြည့်အဝလည်ပတ်လာပြီဆိုရင် ဒီသယ်ယူပို့ဆောင်ရေးစင်္ကြံမှာ စီမံကိန်းဖြတ်သန်းသွားရာ ရခိုင်နဲ့ချင်းပြည်နယ် တွေရဲ့ စီးပွားရေးအခင်းအကျင်းကို ပြောင်းလဲပေးမယ့်စွမ်းပကားရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပြည်နယ်နှစ်ခုဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တွေဖြစ်တဲ့အတွက် ဒီသယ်ယူပို့ဆောင်ရေးစင်္ကြံကြောင့် ဖြစ်ပေါ် ရရှိလာမယ့် ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကတော့ အလွန့်အလွန်ကြီးမား ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းက တိုက်ရိုက်ရော၊ တိုက်ရိုက်မဟုတ် တဲ့နည်းနဲ့ရော အလုပ်အကိုင်တွေ ဖန်တီးပေးမှာဖြစ်လို့ပါ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းနဲ့ရခိုင်ပြည်နယ်တွေ ကဲ့သို့သော ပြည်နယ်တွေအတွက် သူတို့ရဲ့ပို့ကုန်တွေကို စစ်တွေကနေ တင်ပို့နိုင် တော့မှာဖြစ်ပါတယ်။ ကာလကတ္တားဆိပ်ကမ်းက စစ်တွေကနေ ၅၄ဝ ကီလိုမီ တာပဲ ဝေးပါတယ်။ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့အကောင်အထည်ဖော်ဆောင်နေတဲ့ စီမံကိန်း တွေထဲက သိသာထင်ရှားဆုံးစီမံကိန်းတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အာရှအဝေးပြေးလမ်းမကြီးကို အထောက်အကူဖြစ်စေဖို့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံကြား သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကိုလည်း ကျွန်တော်တို့ ဆောင်ရွက်နေပြီး လုပ်ဆောင်ဆဲစီမံကိန်းတွေရှိပါတယ်။ ကျွန်တော်တို့ တမူး-ကလေးလမ်းမကြီးပေါ်က တံတား ၆၉ စင်းကို ပြုပြင်နေပြီး အဲဒီလမ်းမ ကြီးရဲ့ ကလေးဝ-ယာကြီးလမ်းပိုင်းကိုလည်း တည်ဆောက်နေပါတယ်။ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်မှာ နယ်စပ်ကRhi ဒေသကို တီးတိန်မြို့နဲ့ ဆက်သွယ်ပေးမယ့် လမ်းမကြီးတစ်ခု ကျွန်တော်တို့ ဖောက်လုပ်နေပါတယ်။ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အကောင်အထည် ဖော်ဆောင်နေတဲ့ လမ်းမကြီးတွေဖောက်လုပ်မှုမှာလည်း ကျွန်တော်တို့ အကူအညီပေးနေပါတယ်။ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ မီးရထားနဲ့ အခြားစီမံကိန်းတွေမှာလည်း ကျွန်တော်တို့ အကူအညီပေးနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ကျွမ်းကျင်မှုတိုးတက်ရေးကို ကူညီပေးဖို့ ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့ မန္တလေးမှာ သတင်းအချက်အလက်နည်းပညာအင်စတီကျုတည်ထောင်ခဲ့ပြီး လက်ရှိမှာ ဒီပလိုမာအစီအစဉ်အပြင် ငါးနှစ်ကြာတက်ရောက်ရတဲ့ အိုင်တီအင်ဂျင်နီယာဘွဲ့ ကိုလည်း သင်ကြားပေးနေပါတယ်။
ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် အဲဒီအင်စတီကျုဟာ မြန်မာနိုင်ငံက ဂုဏ်ယူရမယ့် အမျိုးသားအင်စတီကျုတစ်ခုအဖြစ်သာမက ဒေသတစ်ခုလုံးမှာ အကောင်းဆုံးအင်စတီကျုတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ပြောနိုင်ပါ တယ်။ အင်္ဂလိပ်စာသင်ကြားမှုနယ်ပယ်မှာလည်း အင်စတီကျုတွေရှိပြီး အိုင်တီစွန့်ဦးဆောင်ရွက်မှုကို ကျွန်တော်တို့ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအများအပြားရှိတဲ့အတွက် အဲဒီစီမံကိန်းတွေက မြန်မာနိုင်ငံအတွက် အလွန်ကိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ စွမ်းအင်ကဲ့သို့သော အရေးပါ သောနယ်ပယ်များတွင် ပံ့ပိုးကူညီမှုများပေးနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အချို့ကို ကျွန်တော်တို့ ကူညီပံ့ပိုးပေးနေပါ တယ်။ မြန်မာနိုင်ငံမှာလုပ်ဆောင်နေတဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုကို ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်။

မေး။ ။မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လူကြီးမင်းအနေနဲ့ အခုချိန်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ကျွန်တော် အလွန်ပဲအကောင်းမြင်ပါတယ်။ သဘာဝအရင်းအမြစ် သာမက လူသားအရင်းအမြစ်ပါ အလွန်ချမ်းသာကြွယ်ဝတဲ့မြန်မာနိုင်ငံက အခွင့်အလမ်းတစ်ခုကို အစကပြန်ကောက်ဖို့၊ အမျိုးမျိုးသော အရင်းအမြစ်များရဲ့ အကျိုးကျေးဇူးရရှိဖို့နဲ့ လက်ရှိကြုံတွေ့နေတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အခွင့်အလမ်းရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျွန်တော်ထည့်မတွက်ပေမယ့် တိုင်းပြည်ရဲ့ခေါင်းဆောင်ပိုင်းကတော့ ဒီစိန်ခေါ်မှု တွေကို သတိမူမိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သင့်တော်တဲ့အချိန်ပေးမယ် ဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်ပိုင်းက ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင် စွမ်းရှိမှာဖြစ်ပြီး တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ထိုက်တန်တဲ့နေရာမှန်ကို ပြန်လည်ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဘာသာပြန်- သာစိန်၊ ကျော်ထိုက်စိုး

No comments:

Post a Comment