Tuesday, May 2, 2017

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲမှ စာတမ်းရှင်များ၏ အတွေးအမြင်များ


Image may contain: 1 person, standing
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက်ကျင်းပသည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားသူစာတမ်းရှင်များ၏ အတွေးအမြင်များကို ကောက်နုတ်စုစည်းဖော်ပြအပ်ပါသည်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ရဲထွဋ်
လူငယ်တွေပြဇာတ်စာပေကို ဖတ်စေချင်တယ်
ဦးရဲထွဋ်(သန်လျင်မောင်ဝင်းဝါ)
''ဇာတ်သဘင်စာပေ အင်္ဂလိပ်-မြန်မာ ဘာသာပြန်''ဖတ်ကြားမှာပါ။ ဇာတ်သဘင် စာပေနဲ့ပတ်သက်လို့ မြန်မာလို ဘာသာပြန်တဲ့ အခါမှာ ကမ္ဘာ့ဇာတ်သဘင်စာပေတွေပါ လေ့လာပြီးတော့မှ ပြန်ဆိုဖို့လိုတယ်။ မြန်မာ ဇာတ်သဘင်သုတေသီတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဇာတ်သဘင်စာပေတွေကို လေ့လာဖို့လိုတယ်။ အဲဒီလိုဖြစ်စေချင်တဲ့ ဆန္ဒ၊ စေတနာလေးတွေနဲ့ ဒီစာတမ်းနဲ့ တပ်လှန့် အသိပေးလိုက်တာပါ။
လူငယ်တွေ ပြဇာတ်စာပေတွေကို ဖတ်စေချင်တယ်။ နိုင်ငံတကာမှာ စာပေသုတေသီတွေ အများစု တန်ဖိုးထားရတဲ့၊ လေးစားရတဲ့ ရှိတ်စပီးယားပြဇာတ် စာပေတွေ၊ မြန်မာမှာလည်း ဦးပုညတို့၊ ဦးကြင်ဥတို့စသဖြင့် နာမည်ကြီးဆရာကြီးတွေရဲ့ ဂန္ထဝင်ပြဇာတ်တွေကို ယှဉ်တွဲပြီးလေ့လာစေချင်တယ်။ အဲဒီလို မြန်မာနဲ့ နိုင်ငံတကာရဲ့ အနုပညာမှာ ကိန်းအောင်းနေတဲ့ တကယ့်စာပေအလင်္ကာ တွေကို ရယူခံစားစေချင်တယ်။ မျိုးဆက်သစ် တွေက နောင်တစ်ချိန်မှာ စိတ်အားထက်သန်လို့ ဇာတ်သဘင်သုတေသန ပညာရှင်တွေ ဖြစ်လာရင် သူတို့ရဲ့ရေးသားချက်တွေက အလွန်တန်ဖိုးရှိပြီး နောင်လာမယ့်ခေတ်တွေ မှာ လက်ဆင့်ကမ်းနိုင်မယ့် ပညာရှင်တွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အထောက်အကူပြုပါတယ်
ဦးမောင်မောင်ဦး(ဟိန်းလတ်)
''ဘာသာပြန်(သုတ)''စာတမ်း ဖတ်ပါမယ်။ ဘာသာပြန်စာအုပ် ခုနစ်အုပ် ဘာသာပြန်ပြီးပြီ။ ဘာသာပြန်နဲ့ပတ်သက်လို့ အမျိုးသား စာပေဆု နှစ်ကြိမ်ရတယ်။ ထွန်း ဖောင်ဒေးရှင်း(သုတ)စာပေဆုရပါတယ်။ ဘာသာပြန်နဲ့ပတ်သက်သမျှ မှတ်ခဲ့သမျှ၊ ဆည်းပူးခဲ့သမျှ၊ အမှားတွေရော၊ လေ့လာ ဆည်းပူးစရာလိုတာတွေရော အားလုံးကိုချပြတာပါ။ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန် သင်တန်းသင်ပေးနေပါတယ်။ အဲဒါကြောင့် ဒီစာတမ်းကို ပြုစုတာဖြစ်ပါတယ်။ ဘာသာပြန် သင်တန်းရှိရမယ်။ ရန်ကုန်တက္ကသိုလ်မှာ သင်နေတာက ဘာသာပြန်တစ်ဝက်တစ်ပိုင်းပဲရှိတယ်။ ဘာသာပြန်သီးသန့်သင်တန်းတစ်ခု လိုတယ်။ ဘာသာပြန်စာပေအသင်းလိုတယ်။ ဒီလအတွင်းမှာ မြန်မာဘာသာပြန် စာပေ တိုးမြှင့်ရေးအသင်းဖွဲ့မယ်။ ဘာသာပြန် ဆရာတွေစုစည်းမယ်။ သင်တန်းတွေပေးမယ်။ စာအုပ်တွေထုတ်မယ်၊ အစိုးရသစ်လက်ထက် မှာ စာတမ်းဖတ်ပွဲ သုံးကြိမ်ရှိတာ နှစ်ကြိမ်ဖတ်ရတယ်။ ပထမနိုင်ငံရေးစာပေစာတမ်း ဖတ်ပွဲဖတ်တယ်။ အခုဘာသာပြန် စာတမ်းဖတ်ပွဲမှာလည်း ဖတ်ပါတယ်။ ဒါမှပြည်သူတွေ အသိအမြင် ပိုကျယ်ပြန့်လာမယ်။ ပိုပြီး စိတ်ဝင်စားလာမယ်။ စာတမ်းဖတ်ပွဲနဲ့ စာအုပ် ရောင်းပွဲတော်ပါကျင်းပတော့ စာဖတ်ပရိသတ် တွေအတွက်ရော၊ လူငယ်တွေအတွက်ရော စာပေချစ်စိတ်၊ စာပေကိုမြတ်နိုးလာစိတ် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် အထောက် အကူပြုပါမယ်။
နိုင်ငံရေးဒဿနကျမ်းတွေ ဘာသာပြန်ဖို့လိုတယ်
ဦးရဲမြင့်ကျော်(ရဲမြင့်ကျော်)
''မြန်မာဘာသာပြန်စာပေတွင် လိုအပ်နေသော နိုင်ငံရေးဒဿနစာပေ''စာတမ်း ဖတ်ပါမယ်။ အဓိကကတော့ မြန်မာစာပေမှာ ပြီးခဲ့တဲ့ ၂ဝ ရာစုအတွင်းမှာ နိုင်ငံရေး စာပေသြဇာ လွှမ်းမိုးခဲ့တယ်။ နဂါးနီစာပေရဲ့ သြဇာလွှမ်းမိုး ခဲ့ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဒီလိုဈေးကွက်စီးပွားရေးစာပေတွေ အားနည်း ခဲ့ပါတယ်။ နိုင်ငံရေး ဒဿနစာပေတွေ တော်တော်ပျောက်နေတာ နိုင်ငံရေးဒဿန ဌာနဆိုတာလည်းမရှိဘူး။ နိုင်ငံရေးဒဿနကို ကျွမ်းကျင်တဲ့သူ ပညာရှင်လည်းမရှိဘူး။ နိုင်ငံရေးဒဿနနဲ့ ပတ်သက်တဲ့ကျမ်းတွေ ဘာသာပြန်ဖို့လိုအပ်တယ်။ ပညာရှင်ကြီးတွေ ရဲ့ မူရင်းကျမ်းစာတွေကို ဘာသာပြန်ဖို့လိုတယ်။ ဒါကြောင့် လှုံ့ဆော်တိုက်တွန်းတဲ့သဘောပါ။ ဒီကျမ်းတွေက အင်မတန်အရေးကြီးပါတယ်။ ဒီကျမ်းတွေ ဒီစာတွေမူရင်းတွေကို ဖတ်နိုင်မှ နိုင်ငံရေးအတွေးအခေါ်မြင့်မားလာပါမယ်။အခုလို နိုင်ငံတည်ဆောက်ရေးကာလတွေမှာ ဒီလိုဒဿနစာပေအခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။
စာတမ်းဖတ်ပွဲတွေက အခုဆိုစိပ်လာပါတယ်။ စာတမ်းဖတ်ပွဲကို အချိန်လေးနည်းနည်း ပေးသင့်ပါတယ်။ စာတမ်းရှင်တွေအတွက် ပြင်ဆင်ချိန်တစ်နှစ်ကို နှစ်ကြိမ်လောက် ပေးသင့်တယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ဒီလိုစာတမ်းဖတ်ပွဲတွေလုပ်ပေးတာ ကျေးဇူးတင်ပါတယ်။
နိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာကို ပိုပြီးစိတ်ဝင်စားလာတယ်
ဦးလှမြင့်(ဒေါက်တာလှမြင့်)
''ပါဠိ(သို့မဟုတ်)မြန်မာပရိယတ္တိစာပေမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း''စာတမ်းကို ဖတ်မှာပါ။ ရည်ရွယ်ချက်က ကမ္ဘာ့နိုင်ငံ အသီးသီးက နိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာကို အရင်ကထက် ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါပေမယ့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့ကို အားလုံးဘာသာပြန်ပြီးသား မရှိပါဘူး။ တချို့တစ်ဝက်ပဲ ဘာသာပြန်ထားတာ ရှိပါတယ်။ အဲဒီထဲကမှ ၃၃ အုပ်လောက်ပဲ ထွက်ပါတယ်။ သာသနာရေးဝန်ကြီးဌာန ပိဋကတ်ဘာသာပြန်အသင်းက ဘာသာပြန် တာကလည်း အပြည့်အစုံ မထွက်နိုင်သေး ပါဘူး။ ဒါကြောင့်မို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစတာတွေကို အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေနိုင်မှသာ ကမ္ဘာ့နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို ပိုမိုသိရှိ မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဒီစာတမ်း ကို တင်ပြခြင်းဖြစ်ပါတယ်။
ဗုဒ္ဓရဲ့တရားတော် တွေထဲမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသိပညာ၊ အတွေး အခေါ်ပညာ၊ ဇာတ်တော်တွေ၊ ပုံပြင်ကအစ ကလေးတွေကို သင်ပေးလို့ရတယ်။ ပါဠိတော် တွေ၊ အဋ္ဌကထာတွေကို ဘာသာပြန်တဲ့အခါ ဘာသာရေးတစ်ခုတည်း ဘာသာပြန်တာ မဟုတ်ဘူး။ ကဏ္ဍအသီးသီးကိုလွှမ်းခြုံပြီး ဘာသာပြန်ခြင်းဖြစ်တယ်လို့ နားလည် သဘောပေါက်စေချင်ပါတယ်။
ဒီလိုစာတမ်းဖတ်ပွဲတွေလုပ်တာ ကောင်းပါတယ်။ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲလုပ်တာ အကျိုးရှိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ အင်္ဂလိပ်ဘာသာက ကြားခံဘာသာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့် အင်္ဂလိပ်ဘာသာကို ပြန်ဆိုမယ်။ တိုင်းရင်းသား ဘာသာတွေ၊ တခြားဘာသာတွေလည်း ပါတာပေါ့။ ဘာသာပြန်စာပေကို လူငယ် မျိုးဆက်သစ် စာရေးဆရာတွေ၊ ဆရာကြီးတွေ ဆီကနည်းလမ်းတွေယူပြီး အတုယူလိုက်နာ ဆောင်ရွက်လို့ရတယ်။ ဘာသာပြန်စာပေက တိုင်းပြည်အတွက် အရေးကြီးတယ်။
စာတမ်းဖတ်ပွဲလုပ်တာ စာပေလောကတိုးတက်မှာပါ
ဒေါက်တာစိန်မြင့်
ဖဆပလခေတ် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း လှုပ်ရှားဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ ဘာသာပြန်စာပေအသင်းနဲ့ ဘာသာပြန်စာပေ ဘယ်လောက်တိုးတက်လာသလဲ ဒါကိုပြန်ပြီးဖော်ထုတ်တာပါ။ ဟိုတုန်း ကတော့ ဘာသာပြန်စာပေအသင်း၊ နောက်ပိုင်းမှာ စာပေဗိမာန်နဲ့ပူးတွဲသွားတဲ့အခါ စာပေဗိမာန်လို့ပဲ သိတော့တယ်။ ဘာသာပြန်စာပေဆိုတာ မသိတော့ဘူး။ ဘာသာပြန်စာပေသည် စာပေဗိမာန်ရဲ့အစပါပဲ။
အရင်က ထုတ်ခဲ့တဲ့ ရှားပါးစာအုပ်တွေ စာပေဗိမာန်က ပြန်ထုတ်နိုင်ရင် သိပ်ကောင်းမှာပဲ။ အဲဒီရည်ရွယ်ချက်လည်းပါတယ်။ စာတမ်းဖတ်ပွဲ တွေလုပ်တာ အားလုံးအတွက်ကောင်းတယ်။ စာတမ်းဖတ်ပွဲတင်မကဘူး၊ စာအုပ်ဈေးရောင်းပွဲတော်ပါ လုပ်ပေးတဲ့အတွက် ရှင်သန်ရမှာက စာဖတ်သူ၊ စာအုပ်ရောင်းသူ၊ စာရေးသူ၊ စာအုပ်ထုတ်သူတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေမှ စာပေလောက တိုးတက်မှာပါ။
ဒါ့အပြင် စာပေလောကတိုးတက်ဖို့အတွက် စာပေလောကသားတွေအပြင် ကမကထ လုပ်ပေးတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းတွေ ဒါတွေအများကြီး လိုအပ်တာပေါ့။ နောက်ပိုင်း လုပ်နိုင်ရင်ပိုကောင်းတာပေါ့။ ရှေ့ကိုတိုးတက်လာမယ့်အလားအလာတွေ အများကြီးရှိတယ်။ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့အတွက် ဒါတွေကို လုပ်တာပိုကောင်းပါတယ်။

No comments:

Post a Comment