Tuesday, May 30, 2017

တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားစမ်းသပ်ပစ်ခတ်

Image may contain: one or more people and text
ဆိုးလ် မေ ၂၉
မြောက်ကိုရီးယားနိုင်ငံသည် မေ ၂၉ ရက်တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ရာ ယင်းနိုင်ငံ၏အရှေ့ပိုင်း ပင်လယ် ကမ်းရိုးတန်း ကမ်းလွန်ရှိ ပင်လယ်ပြင် အတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများကိုအာခံ၍ မြောက်ကိုရီး ယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယနေ့ပစ်ခတ်ခဲ့သော ဒုံးကျည်မှာ စကတ်အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဟု ယူဆရပြီး ကီလိုမီတာ ၄၅ဝ (မိုင် ၂၈ဝ) အကွာအဝေးအထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိ သူများက ပြောကြားကြသည်။ မြောက်ကိုရီးယားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုခေတ်က ထုတ်လုပ်ခဲ့သည့် တာတိုပစ်ဒုံးကျည် အမြောက်အမြားကို ပိုင်ဆိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ဆက်လက်ပြောကြားကြသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက တာလတ်နှင့်တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးနောက်တွင် တာတိုပစ်ဒုံးကျည်တစ်စင်းကို မေ၂၉ ရက်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (အိုင်စီ ဘီအမ်)နည်းပညာပိုင်းဆိုင်နိုင်အောင် ကြိုးပမ်းနေကြောင်း၊ ယင်းဒုံးကျည်ကို ပိုင်ဆိုင်ပါက အမေရိကန်အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိ မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာဖိအားများကို ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများဖြင့် အာခံနေပုံရပြီး တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားအပေါ်ထားရှိသည့် မူဝါဒပြောင်းလဲလာစေရေးအတွက် ဖိအားပေးခြင်းလည်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုဂျေးချွန်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment