Tuesday, May 30, 2017

ဂန္ထဝင်များရဲ့ နှုတ်ဆက်ချိန်

Image may contain: 13 people, crowd
ဘောလုံးလောကရဲ့ အထင်ကရကစားသမားတွေ ဖြစ်တဲ့ တော့တီနဲ့ တယ်ရီတို့ သက်ဆိုင်ရာကလပ်အသင်း တွေကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့ မေ ၂၈ ရက်ကို ဂန္ထဝင်များရဲ့ နှုတ်ဆက်မှတ်တမ်း ဖော်ဆောင်တဲ့နေ့ရက် လို့တောင် အမည်ပေးရမှာဖြစ်ပါတယ်။ ကစားသမားတစ်ဦး ဖြစ်တည်လာပြီဆို စတင်ချိန်ရှိသလို အဆုံးသတ်ချိန်ဆိုတာ လည်းရှိတာကြောင့် ကစားသမားဘဝကနေ အနားယူမယ် ဆိုတာ အသက်(၃ဝ)ကျော်လာတဲ့ ကစားသမားအများစု ကြိုတွေးထားပြီးသား ကိစ္စဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ရိုးမားတိုက်စစ်မှူးကြီး တော့တီနဲ့ ချယ်လ်ဆီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီတို့ရဲ့ နှုတ်ဆက်မှတ်တမ်းဟာ အခြားကစားသမားများထက် အနည်းငယ်ထူးခြားတယ် ဆိုတာတော့ သေချာပါတယ်။ ဘာလို့ပါလဲ။
''ရေကြည်ရာ မြက်နုရာ'' ရှာကြတဲ့ ဓလေ့ကြောင့် ငွေကြေးအတွက်ဖြစ်စေ၊ နာမည်ဂုဏ်သတင်းအတွက် ဖြစ်စေ၊ ဆုဖလားအောင်မြင်မှုအတွက်ဖြစ်စေ ကစားသမား တွေဟာ သူတို့ကို စတင်မွေးဖွားတဲ့ အသင်းတွေကနေ ထွက်ခွာပြီး အခြားအသင်းတွေဆီကို ပြောင်းရွှေ့ကစားကြ တာဟာ ဘောလုံးလောကတွင်းဖြစ်ပျက်နေကျ ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပါတယ်။
ဒါပေမယ့် တော့တီဟာ သူ့ရဲ့ ကစားသမားဘဝကို ရိုးမားအသင်းမှာပဲစတင်ပြီး ဒီအသင်းမှာပဲ ၂၅ နှစ်ကြာ ကျင်လည်ပြီး အဆုံးသတ်သွားပါတယ်။ မေ ၂၈ ရက် ရိုးမားနဲ့ ဂျီနိုအာတို့ ကစားတဲ့ပွဲဟာ တော့တီရဲ့ပွဲလို့တောင် ပြောလို့ရပြီး ရိုးမားပရိသတ်တွေက သူတို့အသင်းခေါင်း ဆောင် ဘောလုံးသမားဘဝကနေ နှုတ်ဆက်ထွက်ခွာတာကို ကွင်းလုံးပြည့်ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဂုဏ်ပြုခဲ့ကြ ပါတယ်။
တော့တီဟာ ၁၉၈၉ ခုနှစ်ကတည်းက ရိုးမားလူငယ် အကယ်ဒမီကို စတင်ရောက်ရှိပြီး ၁၉၉၂ ခုနှစ်မှာတော့ ရိုးမားအသင်းကြီးမှာ ပွဲထွက်ခွင့်ရလာတာပါ။ သူ့အနေနဲ့ ရိုးမားလူငယ်အသင်းမှာနဲ့ ပထမအသင်းကြီးမှာ ကျင်လည်ခဲ့တဲ့ စုစုပေါင်းအချိန်တွေကို ရေတွက်ရင် ၂၈ နှစ် ကြာပါတယ်။ ဒါကြောင့် ရိုးမားအသင်းဟာ တော့တီရဲ့ ဘဝ၊ ရိုးမားသာ တော့တီရဲ့ဖြစ်တည်ရာဖြစ်နေပြီး သူကွင်းထဲဝင်လာရင်ကို ပရိသတ်တွေက ခြေစွမ်းပြပြ၊ မပြပြ ချစ်ခင်မှုနဲ့ လက်ခုပ်သံတွေ ဝေစည်နေတတ်တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရိုးမားတို့ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တော့တီ ကွင်းထဲဝင်လာချိန်မှာ ရီးယဲလ်နည်းပြ ဇီဒန်းနဲ့ ရီးယဲလ် ပရိသတ်တွေကတောင် လက်ခုပ်တီးကြိုဆိုမှုပြုခဲ့တာကို တွေ့ရပါတယ်။
ဂျီနိုအာနဲ့ ပွဲအပြီး မျက်ရည်တွေကြားကနေ ပြော ကြားတဲ့ တော့တီရဲ့နှုတ်ဆက်စကားဟာ ပရိသတ်တွေရဲ့ မေတ္တာကို ပိုပြီးတော့ ရယူသွားနိုင်ခဲ့သလို ပရိသတ် တွေဆီ တော့တီရေးသားတဲ့ နှုတ်ဆက်စာလွှာဟာလည်း ပရိသတ်တွေရဲ့ မျက်ရည်ကို ခြွေယူနိုင်ခဲ့တယ်လို့တောင် ဆိုရမှာဖြစ်ပါတယ်။ တော့တီက ''မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်အခုထိ မတွေးနိုင်အောင် ဖြစ်နေဆဲပဲ။ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လို့ ခင်ဗျားတို့ တွေးကြည့်ပါ။ ခင်ဗျားကို ခင်ဗျားအမေက ကျောင်းသွားဖို့ လာနှိုးမယ်။ ခင်ဗျားလမ်းကြောင်း သွေဖည်မှုမရှိအောင် အားထုတ်ရမယ်။ အိပ်မက်တွေ အများကြီးနဲ့ ရှင်သန်ခွင့်ရတယ်။ ဒါပေမယ့် ခုအချိန်က အိပ်မက်မက်လို့ မရတော့တဲ့ လက်တွေ့ဘဝပါ။ အကြာကြီး ခြေချော်ခွင့်မရှိတဲ့အချိန်ပါ''လို့ ခံစားမှုအပြည့်ပါတဲ့ စာလွှာ တစ်စောင်ကို ရေးသားခဲ့ပါတယ်။
တော့တီရဲ့ ဒီပြောစကားက သူ့အနေနဲ့ ရိုးမား ကစားသမားဘဝကို စွန့်လွှတ်ဖို့ ဘယ်လောက်အထိ ခက်ခက်ခဲခဲဆုံးဖြတ်ရသလဲဆိုတာ ပိုမိုပေါ်လွင်သွား စေခဲ့ပါတယ်။ ရိုးမားအသင်းက တော့တီကျောနံပါတ်(၁ဝ)ရေးထိုးထားတဲ့ မှန်ဘောင်သွင်းတစ်ခုကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ချိန်မှာ သူ့ဇနီးနဲ့ ကလေးတွေက သူနဲ့အတူ ရှိနေပေးခဲ့ပါတယ်။ တော့တီက ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ဂျီနိုအာနဲ့ပွဲဟာ သူ့ရဲ့ ရိုးမား ဂျာစီကို ဝတ်ဆင်တဲ့ နောက်ဆုံးနေ့ဖြစ်ပြီး စိန်ခေါ်မှုအသစ် တွေကိုရင်ဆိုင်ဖို့ အသင့်ပြင်ရတော့မယ်ဆိုတဲ့ စကားနဲ့ သူအနားယူမယ်ဆိုတာကို ကြိုတင်အသိပေးခဲ့ပါတယ်။
တော့တီအတွက် ဝမ်းနည်းစရာကောင်းတာ တစ်ခုက ဒီနှစ်မှာ ရိုးမားအသင်းဖလားလက်မဲ့ရာသီဖြစ်ခဲ့တဲ့အတွက် ဆုဖလားကိုင်မြှောက်ပြီး ကစားသမားဘဝကို ကျောခိုင်းခွင့်မရရှိခြင်းပါ။ ဒါ့အပြင် တော့တီဟာ အီတလီ လက်ရွေးစင်အသင်းကနေ စောစောစီးစီး အနားယူသွား ခဲ့သူဖြစ်တာကြောင့် ၂ဝဝ၆ ခုနှစ် အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ကိုင်မြှောက်ခွင့်မရခဲ့ပါဘူး။ တော့တီရဲ့ ရိုးမားကစားသမားဘဝ ၂၅ နှစ်တာကာလအတွင်းမှာလည်း စီးရီးအေဖလား တစ်ကြိမ်၊ ကိုပါအီတလီယာဖလားနှစ်ကြိမ်၊ စူပါကိုပါ အီတလီယာဖလားနှစ်ကြိမ်သာ ရရှိခဲ့တာကြောင့် ဒီအောင်မြင်မှုဟာ သူ့လို ဂုဏ်သိက္ခာကြီးမြင့်တဲ့ ကစားသမားတစ်ဦးအတွက် လုံလောက်တဲ့အောင်မြင်မှု တော့မဖြစ်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီကတော့ အက်ဖ်အေဖလားအပြီး ချယ်လ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲနဲ့ ချန်ပီယံအောင်ပွဲခံ အခမ်းအနား အတွင်း ဂုဏ်ပြုလက်ဆောင်ကို လက်ခံရယူပြီးချိန်မှာ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝကို နိဂုံးချုပ်လိုက်တာ ဖြစ်ပါတယ်။ တယ်ရီက သူ့အနေနဲ့ ကစားသမားဘဝက အနားယူဖြစ်မယ်၊ မယူဖြစ်ဘူးဆိုတာ သေချာအချိန်ယူပြီး ဆုံးဖြတ်ဦးမယ်လို့ဆိုထားတာကြောင့် ကစားသမားဘဝ ကနေ အနားယူဖို့ မသေချာပေမယ့် ချယ်လ်ဆီးကစား သမားဘဝကို နှုတ်ဆက်ခဲ့ရပြီဆိုတာ သေချာပါတယ်။
အသက်(၃၆)နှစ်အရွယ် တယ်ရီကို ပရီမီယာလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ဆွမ်ဆီး၊ ဘုန်းမောက်နဲ့ ဝက်စ်ဘရွန်းအသင်းတွေက ချိတ်ဆက်နေပြီး အမေရိကန် မေဂျာလိဂ်ကလပ်အသင်းအချို့နဲ့ တရုတ်စူပါလိဂ်အသင်း တွေကလည်း ကမ်းလှမ်းထားကြပါတယ်။ တယ်ရီက လူတွေက သူဘယ်ကို ပြောင်းမလဲဆိုတာကိုသာ မေးနေ ကြပြီး သူ့အတွက် ရွေးချယ်စရာ နည်းတယ်လို့ ပြောရင် မယုံကြည်ကြဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။ ဒါကြောင့် အနာဂတ်ကိစ္စကို ခေါင်းအေးအေးထား စဉ်းစားပြီးမှသာ ကစားသမားဘဝကို နှုတ်ဆက်မလား၊ အခြားအသင်းတစ်ခုကို ရွေးချယ်မလား စဉ်းစားမယ်လို့ မတင်မကျဖြေကြားခဲ့တာဖြစ်ပါတယ်။
တယ်ရီဟာ အာဆင်နယ်ကို ချယ်လ်ဆီးက နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဉ် ချယ်လ်ဆီးအသင်းလူစာရင်းမှာ ပါဝင်ပေမယ့် လူစားလဲ ကစားသမားအဖြစ် ဝင်ရောက် မကစားခဲ့ရပါဘူး။ ချယ်လ်ဆီးအနေနဲ့ ဖလားနှစ်လုံးနဲ့ အောင်ပွဲခံဖို့ ရည်ရွယ်ချက်နဲ့ အက်ဖ်အေဖလားအပြီးမှာ ဂုဏ်ပြုပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အေဗိုလ်လုပွဲမှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့တာ ကြောင့် တယ်ရီအနေနဲ့ ပရီမီယာလိဂ်ဖလားကို ကိုင်မြှောက် ပြီး ချယ်လ်ဆီးကစားသမားဘဝကို နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ လန်ဒန်မြို့အခြေစိုက် ကလပ်အသင်းမှာပဲ နှစ် ၂ဝ ကျော် ကျင်လည်ခဲ့ပြီး ပရီမီယာလိဂ်ဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်၊ အက်ဖ်အေဖလားလေးကြိမ်၊ လိဂ်ဖလား သုံးကြိမ်အထိ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ တယ်ရီဟာ သူတို့မျိုးဆက်ရဲ့ အကောင်းဆုံးနောက်ခံလူဆိုတာကို တစ်ဦးချင်းအလိုက်ရရှိခဲ့တဲ့ ဆုတံဆိပ်တွေကို ကြည့်ပြီး အဖြေထုတ်မယ်ဆိုရင်လည်း ထင်ထင်ရှားရှားပါ။ ယူအီးအက်ဖ် အေကပေးအပ်တဲ့ အကောင်းဆုံး နောက်တန်းခံစစ်ကစား သမားဆုကို ၂ဝဝ၅၊ ၂ဝဝ၈ နဲ့ ၂ဝဝ၉ ခုနှစ်တို့မှာ ရယူနိုင် ခဲ့သလို ပီအက်ဖ်အေ(ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း) က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ဆုကို ၂ဝဝ၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဖီဖာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှာလည်း ၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် ပါဝင်ခဲ့ သူဖြစ်ပါတယ်။ ဒီလို ချယ်လ်ဆီးနဲ့ အောင်မြင်မှုအလီလီ ရယူခဲ့တဲ့ တယ်ရီတစ်ယောက် ခုတော့ ချယ်လ်ဆီးနဲ့ လမ်းခွဲချိန်ကို ရောက်ရှိလာပါပြီ။
တယ်ရီရဲ့နှုတ်ဆက်စကားမှာတော့ ချယ်လ်ဆီး အသင်းဟာ သူမျှော်လင့်ထားတာထက် အများကြီးပေးအပ် ခဲ့တဲ့အသင်းဖြစ်ပြီး လေ့လာသင်ယူစရာတွေများစွာနဲ့ ဘဝကို အဓိပ္ပာယ်ရှိအောင် ဖြတ်သန်းခွင့်ပေးခဲ့တာကြောင့် အမြဲကျေးဇူးတင်နေမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ တယ်ရီကတော့ သူဟာ နည်းပြဖြစ်ကို ဖြစ်ရမယ်လို့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုခဲ့သေးတဲ့အတွက် တစ်ချိန်ချိန်မှာ နည်းပြအဖြစ် စတန်းဖို့ဒ် ဘရစ်ခ်ျကို ပြန်လာဖို့ရှိနေပါတယ်။
တကယ်တော့ ၂ဝ၁၇ ဘောလုံးရာသီဟာ ဂန္ထဝင်များ ရဲ့နှုတ်ဆက်မှုကို အများဆုံးမြင်တွေ့ရတဲ့ ရာသီတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဘိုင်ယန်အသင်းခေါင်းဆောင် ဖိလစ်လမ်း၊ အလွန်ဆို၊ တော့တီတို့ ကစားသမားဘဝကို ကျောခိုင်းသွားပြီဖြစ်သလို တယ်ရီကတော့ ကစားသမား ဘဝ အနားယူမယ့်ကိစ္စကို အတည်မပြုပေမယ့် ဘာမှ သေသေချာချာမရှိတဲ့အနေအထားဖြစ်ပါတယ်။ ကစား သမားတစ်ဦးရဲ့ဖြစ်တည်မှုဟာ အစမှာ မျှော်လင့်ချက်တွေနဲ့ တောက်ပခဲ့ပြီး အဲဒီကမှတစ်ဆင့် ရေရှည်အောင်မြင်မှု ရရှိဖို့အတွက် ပင်ကိုပါရမီအပြင် ကြံ့ခိုင်မှု၊ ကြိုးစားမှု၊ လေ့ကျင့်သင်ကြားမှု၊ စည်းကမ်းလိုက်နာမှုတွေ ထပ်ပိုးပြီး အမြင့်မားဆုံးအောင်မြင်မှုဆီကို သူ့ထက်ငါ ရောက်အောင် ပျံသန်းခဲ့ကြရတာပဲဖြစ်ပါတယ်။ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ရရှိပြီး ချိန်မှာတော့ နှုတ်ဆက်ချိန်ဆိုတာကို မြင်တွေ့ကြရပြန် ပါတယ်။
ခုတော့ အမြင့်ဆုံးအောင်မြင်မှုရရှိပြီးကြတဲ့ ကစား သမားတွေက ကစားသမားဘဝကို နှုတ်ဆက်ပြီး နယ်ပယ် သစ်တစ်ခုမှာ ကျင်လည်ဖို့ အသစ်တစ်ဖန်စတင်ချိန် ကျရောက်လာပါပြီ။ နောက် ဆယ်စုနှစ်တစ်ခုအတွင်း ဒီကစားသမားတွေဟာ အသင်းမန်နေဂျာတွေဖြစ်နေတာကို မြင်တွေ့ကြရဖွယ်ရှိပြီး ခုကျခဲ့တဲ့ မျက်ရည်တွေနေရာအစား မျိုးဆက်သစ်ကစားသမားတွေနဲ့အတူ ချန်ပီယံဖလားကို ကိုင်မြှောက်အောင်ပွဲခံမှုတွေနဲ့ အစားထိုးသွားဦးမှာ ဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment