Tuesday, May 30, 2017

အနာဂတ်ကိုရှေးရှု ဆက်လက်လျှောက်လှမ်း


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)အောင်မြင်စွာပြီးဆုံးသွားခဲ့ချေပြီ။ အောင်မြင်စွာပြီးဆုံးခဲ့သော်လည်း ရှေ့ဆက်၍ငြိမ်းချမ်းရေးခရီးရှည်ကြီးတွင် ဆက်လက်လျှောက်လှမ်းကြရဦး မည်ဖြစ်သည်။ မတူကွဲပြားမှုများကို ပေါင်းစည်းပြီး တူညီရာဘုံရည်မှန်းချက် ကိုထုတ်ယူကာ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်သို့ တူရူ လျှောက်လှမ်းတော့မည့် ဒုတိယခြေလှမ်းဖြင့် စတင်ခရီးနှင်လိုက်ပြီဟု ဆိုနိုင်သည်။
ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က''ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးပေါ်လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ခြေလှမ်း ကြီးဖြစ်ကြောင်း''။ ''မတူကွဲပြားမှုတွေကြားကနေ စည်းလုံးညီညွတ်မှု ဘယ်လိုရယူနိုင်မလဲဆိုတာကို စပြီးသင်ယူနိုင်ခဲ့ကြကြောင်း''နှင့် ''ငြိမ်းချမ်းရေး ခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကိုအာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက်လျှောက်လှမ်းကြဖို့'' ဟူသော အချက်သုံးချက်ကိုအကျယ်ရှင်းကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပေါ်ထွက်ခဲ့သောရလဒ်များကို လွယ်လွယ်ကူကူရရှိခဲ့သည်မဟုတ်ချေ။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလမှစတင်၍ အခက်အခဲပေါင်းများစွာတို့ကို ကျော်ဖြတ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခုညီလာခံတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ သဘောတူလက်မှတ်ရေးထိုးနိုင်မှုများမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လမ်းမပေါ်သို့ စတင် လျှောက်လှမ်းလိုက်သည့် အရေးကြီးသောခြေလှမ်းပင်ဖြစ်သည်။ တိုင်းရင်း သားပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သောအိပ်မက်များကို စတင်အကောင်အထည်ဖော်ပေးနိုင်သဖြင့် ဂုဏ်ယူရမည်ဖြစ်သည်။
ယခုအောင်မြင်မှုသည် စိတ်ဓာတ်ခိုင်သူများ၏အောင်ပွဲဖြစ်ပြီး ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးခရီးလမ်းတွင် တွန်းအားများဖြစ် လာပေလိမ့်မည်။ ကွဲလွဲမှုများကြားမှ တူညီမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရာတွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဘုံတူညီမှုများကို ရရှိခဲ့သည်မှာ ကောင်းသောလက္ခဏာဖြစ်သည်။ ရင်းနှီးခြင်း၊ နားလည်ခြင်း၊ သည်းခံခြင်း များဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သဖြင့် ယုံကြည်မှုကို ဆက်လက်တည်ဆောက် နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်မှုအမျိုးမျိုး ရှိကြရာ ယခုညှိနှိုင်းဆွေးနွေးမှုများမှာ စိတ်ကူးယဉ်မဟုတ်သော လက်တွေ့ ကျသည့် လုပ်ဆောင်မှုအဖြစ် သက်သေပြနိုင်ခဲ့သည်။ ယနေ့သဘောတူညီ မှုများသည် ပြည်ထောင်စုသဘောတူညီချက်အတွက် အစိတ်အပိုင်း တစ်ရပ်ဖြစ်လာပေမည်။ အတိတ်၏ဆိုးမွေများကို မျက်မှောက်ကာလ ခေါင်းဆောင်များက ဖယ်ရှားနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် မငြိမ်းချမ်းခြင်း၏ ဒုက္ခများကိုခံစားနေရသည့် တိုင်းရင်းသားပြည်သူများအတွက်ဖြစ်၍ မွန်မြတ်သောဆောင်ရွက်ပေးခြင်းဖြစ်သည်။
သို့သော် ငြိမ်းချမ်းရေးခရီးပန်းတိုင်သို့မရောက်သေးသဖြင့် စိတ်ဓာတ် ခွန်အားများကို တိုးပွားအောင်ဆောင်ရွက်ရင်း ရှေ့ခရီးအတွက် အားကြိုး မာန်တက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းသော နိုင်ငံများ၏တိုးတက်ဖြစ်ထွန်းမှုများကို အနာဂတ်မျိုးဆက်များ တန်းတူ လက်တွေ့ခံစားနိုင်ရေးအတွက် နိုင်ငံငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးကို မဖြစ်မနေအရယူကြရမည်ဖြစ်သည်။
ယနေ့မတူကွဲပြားမှုများကို တူညီအောင် အတူတကွကြိုးပမ်းဆောင် ရွက်ခြင်းသည် အနာဂတ်နိုင်ငံနှင့်ပြည်သူများအတွက်ဖြစ်၍ သမိုင်းတွင် ကျန်ရစ်မည့် မွန်မြတ်သောလုပ်ငန်းကြီးဖြစ်ပေသည်။ အဆုံးအစမရှိသော နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ယုံကြည်မှုများဖြင့် အဆင့်ဆင့် ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက အောင်မြင်မှု ခရီးပန်းတိုင်ကို မနှေးအမြန်တစ်နေ့နေ့တွင် ရောက်ရှိလာမည်မှာ မလွဲဧကန် အမှန်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ ပေါ်ထွက်လာသော အောင်မြင်မှုများကို အနာဂတ်သို့ဆက်လက်သယ်ဆောင်ပြီး သံသယကင်းသော၊ ခိုင်မာသော ယုံကြည်မှုများဖြင့် ထာဝရငြိမ်းချမ်းရေးကိုဖန်တီးသူများဖြစ်ကြပါစေဟု တောင်းဆုခြွေပါသည်။

No comments:

Post a Comment