Tuesday, May 30, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို ထောက်ခံပွဲပြုလုပ်

Image may contain: one or more people, people on stage, crowd and outdoor
ကျောက်ပန်းတောင်း မေ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်တွင် ငြိမ်းချမ်းရေးကို ချစ်ခင်လိုလားသည့် လူငယ်များ စုပေါင်းဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကို ထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းစွာစီတန်း လမ်းလျှောက်မှုအဖြစ် ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်းမှ စတင်ချီတက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလူထုချီတက်လမ်းလျှောက် ပွဲကို မြို့နယ်အားကစားကွင်းမှစတင်၍ ညောင်ဦးမြို့မှ ဘင်ခရာတပ်ဖွဲ့ဝင်များ၊ အလံကိုင်အဖွဲ့ဝင်များ ဦးဆောင် ချီတက်ခဲ့ကြပြီး ''(၂၁)ရာစုပင်လုံ ညီလာခံကို ကြိုဆိုထောက်ခံကြစို့'' စာတန်းပါဗီနိုင်းစများ၊ ''ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ(အောင်မြင်ပါစေ)'' စာတန်းပါ ဗီနိုင်းစများ ကိုင်ဆောင်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ''(၂၁)ရာစုပင်လုံ အောင်ရမည်၊ အောင်ရမည်''ဟူသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ (၂၁)ရာစုပင်လုံညီလာခံ ထောက်ခံသည့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ပွဲအား ငြိမ်းချမ်းရေးကို ချစ်ခင်မြတ်နိုးသော လူငယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အလွတ်ပညာသင် ကျောင်းများမှ ကျောင်းသား ကျောင်း သူများ စုစုပေါင်း အင်အား ၂၅ဝ ဖြင့် ချီတက်လမ်းလျှောက်ခဲ့ကြ ကြောင်းသိရပြီး သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုချက် တောင်းခံ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)

No comments:

Post a Comment