Tuesday, May 30, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အောင်မြင်စွာကျင်းပပြီးစီး

ပြည်ထောင်စုထဲတွင် အတူနေထိုင်ရန် သန္နိဋ္ဌာန်ပြုထားသည့် တိုင်းရင်းသားအားလုံးသည် ညီလာခံအဆက်ဆက်တွင် အတူပါဝင်ကြရမည်
Image may contain: one or more people, crowd and indoor
နေပြည်တော် မေ ၂၉
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-2)၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီ များအစုအဖွဲ့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ဖြားတန် ခွန်ဥက္ကာက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေနှင့် ဦးဥာဏ်ဝင်းတို့က ဆောင်ရွက်ကြသည်။
သဘာပတိ ဖြားတန်ခွန်ဥက္ကာက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုညီလာခံကြီးက စုစည်းရရှိထားသည့် ကဏ္ဍအလိုက် သဘောတူဆုံးဖြတ်ချက်မူဝါဒများကို ဖတ်ကြားခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ထောက်ခံခြင်းများကို ပြုလုပ်သွားရန်ဖြစ်ပါကြောင်း၊ ယင်းသည် NCA ၏ အခန်း (၅)ပါ ပြဋ္ဌာန်းချက် ပုဒ်မ-၂ဝ အရ နိုင်ငံရေးလမ်းပြမြေပုံ ၏ အဆင့်(၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ နောက်တစ်ဆင့်၊ အဆင့်(၅) ပြည်ထောင်စုစာချုပ် (Pyi Daung Su Accord) ချုပ်ဆိုခြင်းဆိုသည့် လမ်းပြမြေပုံ အဆင့်တစ်ဆင့်ကို ထပ်မံတက်လှမ်းလိုက်ခြင်းပင်ဖြစ်ပါ ကြောင်း၊ Pyi Daung Su Accord အသက်ဝင်စေခြင်း လည်းဖြစ်ပါကြောင်း၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ကို ခြေတစ်လှမ်းတိုးလာသည့် တိုးတက်မှုဖြစ်စဉ်တစ်ရပ်ဟုလည်း ပြောနိုင်ပါကြောင်း။
NCA ပြင်ပမှနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လက်တွေ့အကောင်အထည်ဖော်ရာတွင် မပြည့်စုံဘဲ အားနည်းသည် စသဖြင့် ဝေဖန်နေကြသော်လည်း ညီလာခံ၏ အောင်မြင်မှုအရှိန်အဟုန်ကို ဟန့်တားနိုင်ကြမည် မဟုတ်ပါကြောင်း၊ ညီလာခံ၏ အောင်မြင်မှုအရှိန်အဟုန်ဟုပြောလျှင် ပါဝင်သူအားလုံးကို ချီးကျူးဂုဏ်ပြုရန် လိုအပ်ပါကြောင်း၊ အထူးပြုရမည့်အစုအဖွဲ့မှာ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့ပင်ဖြစ်ပါကြောင်း၊ တပ်မတော်၏ပြောင်းလဲလာသည့် မူဝါဒနှင့် စိတ်နေသဘောထားများ၊ ငြိမ်းချမ်းရေးအပေါ် လေးလေးနက်နက် ရယူလိုသည့် သဘောထားများကြောင့်ပင် ယခုကဲ့သို့ ညီလာခံရလဒ်ကောင်းများ ထွက်ပေါ်လာသည်ကို အကြိတ်အနယ်၊ အကျေအလည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးခဲ့ရသည့် မိမိ၏အတွေ့အကြုံအရ ရဲရဲပြောရဲပါ ကြောင်း၊ တပ်မတော်အစုအဖွဲ့အနေဖြင့် နောက်ထပ် ဆက်လက်ပြီး ခိုင်မာတည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အတူတကွ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည့် အချိန်အထိ သဘောထားမပြောင်း လဲဘဲ တစိုက်မတ်မတ် ရပ်တည်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ပွဲတွင် အချို့ EAO များ မပါဝင်ကြပါကြောင်း၊ ပြည်ထောင်စုထဲတွင် အတူတကွနေထိုင်ကြရန် သန္နိဋ္ဌာန်ပြု ထားကြသည့် တိုင်းရင်းသားညီအစ်ကို အားလုံးသည် ယခုညီလာခံတွင်သာမက ညီလာခံအဆက်ဆက်တွင် အမြဲတစေ အတူတကွ ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ မဟုတ်ပါက မိမိတို့ နောက်ထပ်အများကြီး အလုပ်လုပ်ဖို့ ကြိုးစားရန် လိုအပ်နေသေးသည်ကို ညွှန်းဆိုနေပါကြောင်း ပြောကြားသည်။
ထို့နောက် ကဏ္ဍအလိုက် မူဝါဒသဘောတူညီချက်များကို တင်သွင်းကြရာ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကိုလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍ ဆိုင်ရာ မူဝါဒအဆိုပြုချက်များကိုလည်းကောင်း၊ လွှတ်တော် အစုအဖွဲ့ကိုယ်စားလှယ် ဦးအောင်စိုးက မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက် များကိုလည်းကောင်း တင်သွင်းကြသည်။
ထို့နောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ)ဦးပြုံးချို၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ခင်သိန်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ပဒို မန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းထွန်းတို့က ကဏ္ဍအလိုက် တင်သွင်းသည့် အချက် ၃၇ ချက်ကို ထောက်ခံဆွေးနွေးကြသည်။
ယင်းနောက် သဘာပတိ ဖြားတန်ခွန်ဥက္ကာက ကဏ္ဍ အလိုက်တင်ပြလာသော မူဝါဒအဆိုပြုချက်များဖြစ်သည့် နိုင်ငံရေးကဏ္ဍမူဝါဒ အဆိုပြုချက် ၁၂ ချက်၊ စီးပွားရေး ကဏ္ဍ မူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် ၄ ချက် ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက် အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော် သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံကြောင်း တင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒအဆိုပြုချက်အားလုံးကို တပေါင်းတစည်းတည်း အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှ အတည်ပြုထားသော သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။
(သဘောတူညီချက် ၃၇ ချက်၊ အစုအဖွဲ့ကိုယ်စားလှယ် များ၏လက်မှတ်များ၊ အသိသက်သေများ၏ လက်မှတ်များကို စာမျက်နှာ ၆၊ ၇ တွင် ဖော်ပြထားပါသည်။)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျေးဇူးတင်စကား ကို စာမျက်နှာ ၃ တွင် ဖော်ပြထားသည်။)
ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် ညီလာခံကြီးမှရရှိခဲ့သည့် သဘောတူညီချက် များကိုကြည့်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံရမည့်မူများကို စတင်ဆွေးနွေးနိုင်ခဲ့ပြီး အချို့အချက်များကို သဘောတူနိုင်ခဲ့ကြသည်ကိုတွေ့ရပါ ကြောင်း၊ အဆိုပါအချက်များသည် အနာဂတ်အတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ပါကြောင်း။
ဖက်ဒရယ်စနစ်ဆိုင်ရာ သဘောတူညီချက်အားလုံးကို ယခုအစည်းအဝေးတွင် တစ်ထိုင်တည်းမရနိုင်ခဲ့သော်လည်း အရေးကြီးသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရား စီရင်ရေးတို့အတွက် အာဏာခွဲဝေရေးမူကို မိမိတို့ သဘော တူညီနိုင်ခဲ့ကြပါကြောင်း၊ ယခုအဆင့်အထိ လွယ်လွယ်နှင့် ရောက်လာခဲ့ကြခြင်း မဟုတ်ပါကြောင်း၊ မိမိတို့တိုင်းပြည်ရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားတွင် အယူအဆများမတူသည့်အပေါ် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ခဲ့ကြပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ကြာရှည်လာသည့်နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုများ ပိုမိုတိုးပွားလာပါကြောင်း၊ မယုံကြည်မှုများကြောင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို ပြောရန်ပင် အခက်အခဲရှိခဲ့ကြပါကြောင်း။
ဖက်ဒရယ်ဆိုသည့် စကားလုံးကို ပြောဆိုရန်ခက်နေ သည့်အခြေအနေမှ ယခုညီလာခံကြီးတွင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ဦးတည်သွားရန် အခြေခံမူများကို ဆွေးနွေးနိုင်ခဲ့ပြီး အချို့အချက်များကို သဘောတူနိုင်သည့် အခြေအနေအထိ ရောက်ခဲ့သည်ဆိုသည်မှာ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် တိုးတက်မှုတစ်ခုဖြစ်ပါ ကြောင်း၊ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုတည်ဆောက် နိုင်ခဲ့သည်ဆိုသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း။
ယနေ့မိမိတို့ရောက်ရှိနေသည့် နိုင်ငံရေးအခင်းအကျင်းသည် မြန်မာပြည်တွင် တစ်ခါမျှ မရှိခဲ့ဘူးသည့် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ပင်ဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှု ကိုအခြေခံသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ်ကြောင်း၊ (၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီးတွင် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် နိုင်ငံရေးပဋိပက္ခများကို ဆွေးနွေးအဖြေရှာသကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီတွင် မြေပြင်၌ဖြစ်နေသည့် အောက်ခြေ ပြဿနာများကို အဆင့်တိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနေကြခြင်းဖြစ်ပါကြောင်း၊ ယခု အခင်းအကျင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းသစ်ဖြစ်ပါကြောင်း။
တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အပြင်ဘက်ရောက်နေသည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါနိုင်အောင် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အားလုံးပါဝင်ရေးကို ကြိုးပမ်းနေစဉ်မှာပင် ပါဝင်ပြီးသူများနှင့် ရှေ့ကို ခရီးဆက်နိုင်ရန်ကိုလည်း ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်သည် လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိသည့် နိုင်ငံတိုင်းတွင် ကြုံတွေ့ကြရသည့် စိန်ခေါ်မှုဖြစ် ပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ကျန်ရှိနေသည့် အဖွဲ့အစည်းများကိုလည်း အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးရန်ပုံငွေအတွက် မြန်မာ့ စီးပွားဘဏ်(နေပြည်တော်)၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဘဏ်စာရင်း စတင်ဖွင့်လှစ်ခဲ့ရာ ၂ဝ၁၇ ခုနှစ် မေ ၁၉ ရက်အထိ လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၄၅ ဘီလီယံကျော်ကို အလှူရှင် ၁၅ဝ ကျော်တို့က ပါဝင်လှူဒါန်းခဲ့ကြောင်းနှင့် အနည်းဆုံးလှူဒါန်းငွေမှာ ငွေကျပ် ၃ဝဝဝ ဖြစ်ပြီး အများဆုံး လှူဒါန်းငွေမှာ ကျပ် ၃ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment