Monday, May 29, 2017

မတူကွဲပြားမှုကို ညှိနှိုင်းခြင်းဖြင့်အဖြေရှာ



Image may contain: text
ကျင်းပပြုလုပ်လျက်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအပိုင်းတစ်ခု ထပ်မံပြုလုပ်ရန်လိုအပ်သဖြင့် အစည်းအဝေးရက်ကို ထပ်တိုးပြုလုပ်ခဲ့သည်။ မတူကွဲပြားသည့်အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာတွင် သဘောကွဲလွဲမှုများလည်း ရှိပေလိမ့်မည်။ သဘောကွဲလွဲခြင်းသည် ဒီမိုကရေစီနည်းကျသော ငြင်းခုံခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၏အနှစ်သာရကို ဆောင်ပေသည်။ ယင်းမတူကွဲပြားကွဲလွဲမှုများကို ဘုံရည်မှန်းချက်သို့ ရောက်အောင် ဆောင်ကြဉ်းပေးနိုင်ခြင်းသည် ဆွေးနွေးသူများ၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုဟု ဆိုရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးညီလာခံတွင် (၁၁)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ အစည်းအဝေးကို မေ ၂၈ ရက်တွင်ပြုလုပ်ခဲ့ကာ ဆွေးနွေးချက်အသုံးအနှုန်းများကို ပြန်လည်ညှိနှိုင်းဆုံးဖြတ်ခဲ့သည်။ UPDJC ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားသည်။
အရပ်သားအစိုးရတာဝန်ယူချိန်တွင် NCA စာချုပ်အရ အဆိုပါကော်မတီအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည် သုံးသပ်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာလုပ်ငန်း လမ်းညွှန်အား ရေးဆွဲအတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ခုနစ်ပွဲကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်ယူကျင်းပခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်ခဲ့သည်။
ကော်မတီ၏စွမ်းဆောင်မှုများကို ယနေ့မျက်ဝါးထင်ထင်မြင်တွေ့နေရပြီး နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှုကာ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ မတူကွဲပြားသောအဖွဲ့အစည်းများကြား သဘောတူညီချက်များရရှိရေးနှင့် ခိုင်မာသည့်အာမခံချက်များရှိရေးအတွက် အားထုတ်ရသည်မှာ လွယ်ကူလှသည်မဟုတ်ချေ။ မည်မျှပင် အကြိမ်ကြိမ်အဖန်ဖန် ဆွေးနွေးကြရသော်လည်း စိတ်ရှည်သည်းခံမှုများကြောင့် စိုးရိမ်မှုတို့ကို ဖြေလျှော့နိုင်ခဲ့ပေသည်။
နှစ်ဖက်သဘောတူညီမှုများနှင့်အတူ ဆုံးဖြတ်ချက်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်မည်ဆိုသည့် သဘောတူညီမှုများရရှိသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ အချို့ကွဲလွဲမှုအပိုင်းများကို အသေးစိတ် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့သော်လည်း မူအရတူညီမှုများရှိခဲ့သည်မှာ ဘုံရည်မှန်းချက်ကိုရောက်အောင်ဆောင်ရွက်လိုသော စိတ်ရင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။ မတူကွဲပြားမှုများကို ပေါင်းစည်းရာတွင် အပြုသဘောဆောင်သည့် မျှော်လင့်ချက်များဖြင့် ဆောင်ရွက်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ဆွေးနွေးမှုဆိုသည်မှာ အလျှော့အတင်းပြုလုပ်ကြကာ ရည်မှန်းချက် သို့ရောက်အောင် ချဉ်းကပ်ခြင်းပင်ဖြစ်သည်။ အလျှော့အတင်းပြုလုပ်မှု မရှိလျှင် အချိန်ကြန့်ကြာမည်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သိမ်မွေ့ နက်နဲ ခက်ခဲသောအစည်းအဝေးဖြစ်ပြီး အချိန်သတ်မှတ်ရန် ခက်ခဲသည်။ ဆွေးနွေးပွဲတွင် မိမိတို့ရည်မှန်းချက် ရာနှုန်းပြည့်ရရှိမှသာ လက်ခံသဘောတူ မည်ဆိုပါက ရည်မှန်းချက်သို့ရောက်ရန် ခက်ခဲကြန့်ကြာပေလိမ့်မည်။ လက်ရှိတွင် နှစ်ဦးနှစ်ဖက် အလျှော့အတင်းများရှိသောကြောင့် အလားအလာကောင်းများရှိသည်ဟု ဆိုနိုင်သည်။
နှစ်ဦးနှစ်ဖက် အလျှော့အတင်းရှိလျှင် ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်ပြီး ရည်မှန်းချက်လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင် မည်ဖြစ်သည်။ ယခုအခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သဖြင့် ရင်းနှီးကျွမ်းဝင်မှု၊ နားလည်လက်ခံမှု များရှိလာရာ ယုံကြည်မှုတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိ လုနီးလာပြီဟုဆိုရမည်ဖြစ်သည်။
ယုံကြည်မှုတည်ဆောက်နိုင်လျှင် မျှော်မှန်းထားသောငြိမ်းချမ်းရေး နှင့် အလှမ်းဝေးတော့မည်မဟုတ်ချေ။ လတ်တလောဘုံရည်မှန်းချက်မှာ အပစ်ရပ်ရေး၊ အပစ်ရပ်ခိုင်မာရေး၊ အပစ်ရပ်ပြီးနောက် ပစ်ခတ်မှုများ ဆက်လက်မရှိရေးပင်ဖြစ်သည်။ နှစ်ပေါင်း ၇ဝ နီးပါးဖြစ်ပွားခဲ့သော ပဋိပက္ခများအား နိုင်ငံရေးအရ အဖြေရှာနေခြင်းကို ခေတ်အဆက်ဆက် အစိုးရများက ဆောင်ရွက်ခဲ့ကြရာ ယခုအခါ အောင်မြင်မှုလမ်းစကို မြင်တွေ့ရပြီဟုဆိုနိုင်သည်။
အန္တိမဘုံရည်မှန်းချက်မှာ ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးဖြစ်၍ သဘောကွဲလွဲမှုများကြားမှ ဘုံသဘောတူညီချက်များကို အလျှော့အတင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြုပါသည်။ ။

No comments:

Post a Comment