Monday, May 1, 2017

နိုင်ငံတကာမြင်ကွင်း



Image may contain: 1 person, text
ရဲရင့်လင်းလက်
မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေဟာ တရုတ်နိုင်ငံကို ရည်ညွှန်းပြောဆိုတဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ပိုင်နက်နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်အင်အား ဖြန့်ကြက်မှုနဲ့ ကျွန်းတုတည်ဆောက်မှုတွေကို ရည်ညွှန်းဖော်ပြခဲ့တာပါ။ ဒီလို ရည်ညွှန်းဖော်ပြမှု ပြုလုပ်နိုင်ဖို့ မူလပြင်ဆင်ထားတဲ့ ကြေညာချက်ကို ပြင်ဆင်ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီခြေလှမ်းဟာ တရုတ်နိုင်ငံအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်မှာပါ။
ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တဲ့ အာဆီယံသံတမန်နှစ်ဦးရဲ့ အဆိုအရ မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံး သံတမန်တွေဟာ ဖိလစ်ပိုင်အရာရှိတွေကို ချဉ်းကပ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးထုတ်ပြန်ကြေညာချက်မှာ ပါဝင်မယ့်အကြောင်းအရာတွေကို သူတို့လိုလားသလို ဖြစ်အောင်ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အာဆီယံလေးနိုင်ငံဟာ ထုတ်ပြန်ဖို့ပြင်ဆင်ထားတဲ့ မူလကြေညာချက်မှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားဖြန့်ကြက်မှုနဲ့ ကျွန်းတုတည်ဆောက်တဲ့ကိစ္စတွေကို ချန်လှပ်ထားတာနဲ့ပတ်သက်ပြီး ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ မနှစ်က လာအိုမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာဒီကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ချက်ချင်းလက်ငင်း တုံ့ပြန်မှုတွေ မပြုလုပ်ခဲ့ပါဘူး။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေရဲ့ ရည်ညွှန်းပြောဆိုမှုဟာ အစဉ်အလာထုံးစံတွေနဲ့အညီ တရုတ်နိုင်ငံကို အမည်တပ်ပြောဆိုခဲ့တာတော့ မဟုတ်ပါဘူး။ စပရက် တလေ (Spratly) ကျွန်းစုမှာ ဖန်တီးထားတဲ့ လူလုပ် ကျွန်း ခုနစ်ကျွန်းနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောဆိုမှာကို တရုတ်နိုင်ငံက အလွန်အကျွံ သတိထားတယ်လို့ပဲ ပြောရမှာပါ။ အပြီးသတ် ကြေညာချက်နဲ့ပတ်သက်ပြီး သဘောတူညီချက်မရသေးပေမယ့် ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲက ညွှန်ပြနေတဲ့ နိုင်ငံရေးသဘောထား ရှိပါတယ်။ ဒါကတော့ တောင်တရုတ်ပင်လယ်အရေးမှာ ပြဿနာဖြစ်စေနိုင်တဲ့ သူ့နိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့က တရားဝင်ထုတ်ပြန်ကြေညာချက်တွေမှာ ရည်ညွှန်းပြောဆိုတာမျိုး မပြုလုပ်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို အာဆီယံအဖွဲ့က လက်မခံခဲ့တာပါ။
လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ အတော်ကြီးကို အဆင်ပြေနေတာပါ။ ဒီလိုအဆင်ပြေတယ်ဆိုပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက် ပြောင်းလဲသွားလောက်အောင်တော့ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအပေါ် သြဇာလွှမ်းမိုးနိုင်ပုံမရပါဘူး။ တချို့သတင်းရင်းမြစ်တွေက ဖိလစ်ပိုင်နိုင်ငံဟာ အတော်ကြီးကို ဖိအားပေးခံနေရတယ်လို့ ဆိုကြပါတယ်။ ပြောရရင် ဒီနှစ်အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ က အာဆီယံဒေသနဲ့ပတ်သက်ပြီး ဘယ်လိုမူဝါဒမျိုး ချမှတ်မယ်ဆိုတာကို ရေရေရာရာမသိရတဲ့ အနေအထားမျိုးမှာ ကျင်းပခဲ့ရတာပါ။ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန် နိုင်ဖို့ အမေရိကန်နိုင်ငံက ဒေသတွင်းမှာ သူ့ရဲ့ရေတပ်အင်အား ဆက်လက်ဖြန့်ကြက်ထား၊မထားဆိုတာက မရေမရာဖြစ်နေတာပါ။ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံအကြားက ပင်လယ်ပြင်ပိုင်နက်နယ်မြေ အငြင်းပွားမှုအပေါ် နိုင်ငံတကာခုံရုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရိုးတိုးရိပ်တိပ် ရည်ညွှန်းတာမျိုးတောင်တရုတ်နိုင်ငံက မလိုလားပါဘူး။ ဒါကြောင့်လည်း ဒီလိုရည်ညွှန်းမှုမျိုး မဖြစ်ရလေအောင် တရုတ်သံတမန်တွေက လုံးပန်းနေကြတာပါ။ သံတမန်အသိုင်းအဝိုင်းရဲ့ အဆိုအရ တရုတ်နိုင်ငံက ''တရားဥပဒေနှင့် သံတမန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝအလေးထားလိုက်နာရန်'' ဆိုတဲ့ စာပိုဒ်မပါဝင်ရေးကို အဓိကရည်မှန်းချက်အဖြစ် ချမှတ်ပြီး ဆောင်ရွက်ကြိုးပမ်းနေတာပါ။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက် နောက်ဆုံးမူကြမ်းမှာ ဒီစာပိုဒ်က ဆက်ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီစာပိုဒ်ကို တောင်တရုတ် ပင်လယ်အခန်းကဏ္ဍမှာ မထည့်ဘဲ နောက်အခန်း ကဏ္ဍတစ်ခုထဲ ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ၂ဝ၁၃ ခုနှစ်မှာ တင်ပြခဲ့တဲ့ ပင်လယ်ပြင်ပိုင်နက်နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး သည်ဟိတ် (The Hague) နိုင်ငံတကာခုံရုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက အတော်ကြီးကို မကျေမနပ်ဖြစ်နေတာပါ။ ဘာလို့လဲဆိုရင် ဒီဆုံးဖြတ်ချက်ရဲ့ သဘောအရ တောင်တရုတ်ပင်လယ်ပြင်မှာ သူပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံကတောင်းဆိုနေတဲ့ ပင်လယ်ပြင် ပိုင်နက်နယ်မြေအားလုံးနီးပါးကို လက်မခံပယ်ချထားလို့ပါ။ ဒါကြောင့် တရုတ်နိုင်ငံက ဒီနိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့တာက အံ့သြစရာမရှိပါဘူး။ တရုတ်နိုင်ငံနဲ့ ပြေလည်ရေးကို ရှေးရှုပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒီနိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက လက်ခံအသိအမှတ်ပြုလာအောင် မကြိုးပမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ ပုံရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ''အာဆီယံအဖွဲ့အနေနဲ့ တရုတ်နိုင်ငံကို ဖိအားပေးဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး'' လို့ မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အာဆီယံထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောဆိုတာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။ ဆယ်လ သက်တမ်းရှိပြီဖြစ်တဲ့ သူ့အစိုးရရဲ့ အဓိက မူဝါဒတွေကိုပဲ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရှင်းလင်းပြောဆိုသွားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးရည်ညွှန်းပြောဆိုခဲ့တဲ့ ကိစ္စရပ်တွေကို ကြည့်မယ်ဆိုရင် အစွန်းရောက်အကြမ်းဖက်မှု ပြဿနာပါဝင်သလို ပင်လယ်ဓားပြကိစ္စပါဝင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးဆိုတာကိုလည်း သမ္မတ ဒူတာတေးက ပြောဆိုသွားပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အမှတ်လက္ခဏာလို့ ပြောရမယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စကို သမ္မတ ဒူတာတေးက ပြောဆိုမယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ ပြောဆိုနိုင်တဲ့ကိစ္စပါ။ သမ္မတ ဒူတာတေးက ''တရားမဝင်မူးယစ်ဆေးဝါး ယန္တရားကြီးဟာ အဆမတန်ကြီးမားတာပါ။ ဒါပေမယ့် မတွန်းလှန်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေး သန္နိဋ္ဌာန်နဲ့ ပူးပေါင်းဆောင်ရွက်မှုသာရှိရင် ဖြိုဖျက်ရှင်းလင်းနိုင်တဲ့ အရာမျိုးပါ။ တရားမဝင်မူးယစ်ဆေးဝါးယန္တရားက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မဖျက်ဆီးခင် ကျွန်တော်တို့က ဒီယန္တရားဆိုးကြီးကို ဖျက်ဆီးရပါလိမ့်မယ်'' လို့ ပြောဆိုခဲ့ပါတယ်။ အဖွင့်မိန့်ခွန်းပြောဆိုမှုအပြီးမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အာဆီယံခေါင်းဆောင်တွေနဲ့ အစည်းအဝေးနှစ်ကြိမ်ထိုင်ခဲ့ပေမယ့် ဒီအစည်းအဝေးတွေဟာ တံခါးပိတ်အစည်းအဝေးတွေဖြစ်လို့ သတင်းမီဒီယာတွေက သိခွင့်မရခဲ့ပါဘူး။
တောင်တရုတ်ပင်လယ်အတွင်း ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအချင်းချင်း ဆက်ဆံရေးလမ်းညွှန်(code of conduct) ဆိုင်ရာ မူဝါဒဘောင်ကို ဒီနှစ်အတွင်း သဘောတူညီချက်ရရှိမယ်လို့ အာဆီယံအဖွဲ့နဲ့ တရုတ်နိုင်ငံတွေက မျှော်မှန်းထားပါတယ်။ ဒီသဘောတူညီချက်ရရှိအောင် အာဆီယံအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ဟာ (၁၅)နှစ် ကျော်ကြာ ကြိုးပမ်းခဲ့ရတာပါ။ အာဆီယံသံတမန်တချို့ ကတော့ ဒီသဘောတူညီချက်ရရှိအောင် တရုတ်နိုင်ငံက ရိုးရိုးသားသားကြိုးပမ်းခဲ့တာလို့ ရှုမြင်ပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အာဆီယံအတွင်းရေးမှူးချုပ် လီလွန်မင်း (Le Luong Minh)က အစဉ်အလာမဟုတ်တဲ့ ပွင့်ပွင့်လင်းလင်းမှတ်ချက်ကို ပြုလုပ်ခဲ့ပါတယ်။ လီလွန်မင်းက ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံရင်း ပြောကြားခဲ့တာပါ။ လီလွန်မင်းက ''တစ်ဖက်သတ်ပြုမူမှုတွေ ရပ်ဆိုင်းဖို့ဆိုရင် ဒီဆက်ဆံရေးလမ်းညွှန်ဟာ တရားဥပဒေသဘောအရ မဖြစ်မနေလိုက်နာရမယ့် ပြဋ္ဌာန်းမှုမျိုးဖြစ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ တရားမျှတမှုရှိရပါစေမယ်ဆိုတဲ့ အတိတ်ကာလက ကတိပြုချက်တွေလိုပဲ ဘေးဖယ်လျစ်လျူရှုတာကို ခံရမှာပါ''လို့ မှတ်ချက်ပြုခဲ့တာပါ။ အိမ်နီးချင်းတွေလို့ပြောရမယ့် အာဆီယံအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ဟာ ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုပဲဖြစ်ဖြစ် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မယ့် နည်းလမ်းမျိုးရှာကြံရမယ်ဆိုတာက ရှောင်လွှဲလို့မရနိုင်တဲ့ သမိုင်းအမှန်တရားပါ။

No comments:

Post a Comment