Monday, May 1, 2017

၂ဝ၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များ ကျင်းပမည်



Image may contain: 1 person, playing a sport, child and outdoor
ရန်ကုန် ဧပြီ ၃ဝ
၂ဝ၁၇ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ် များကို မေ ၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိပထမတန်း ပြိုင်ပွဲပထမအကျော့အပြီးတွင် ထိပ်ဆုံး၌ အပြိုင်ဖြစ်နေသည့် မြဝတီအသင်းနှင့် စီးတီးရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပထမအဆင့်တွင် ပထမတန်းကလပ် ၁ဝ သင်း၊ ယခုရာသီအစတွင် MNL သို့ တန်းတက်ယှဉ်ပြိုင်နေသည့် GFA နှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ပထမအဆင့်ပွဲစဉ်များကို မေ ၂၊ ၃၊ ၄ ရက်တွင် တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မေ ၂ ရက်တွင် သုဝဏ္ဏကွင်း၌ ဖုန်ဂန်အသင်းနှင့် GFA အသင်း၊ အောင်ဆန်းကွင်း၌ ငွေကြယ်ပွင့်အသင်းနှင့် စီးတီးစတားအသင်း၊ မေ ၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဖီးနစ်(က)အသင်းနှင့် မောရဝတီအသင်း၊ အောင်ဆန်းကွင်း၌ မြဝတီအသင်းနှင့် စီးတီးရန်ကုန်အသင်း၊ မေ ၄ ရက်တွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်း၊ အောင်ဆန်းကွင်း၌ နေပြည်တော်အသင်းနှင့် ဒဂုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအဆင့်ပွဲစဉ်များအနက် ပထမတန်းတွင် ထိပ်ဆုံး၌ အပြိုင်ဖြစ်နေသည့် စီးတီးရန်ကုန်အသင်းနှင့် မြဝတီအသင်းတို့၏ တွေ့ဆုံမှုမှာ အကြိတ်အနယ်ရှိလာနိုင်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။ လိဂ်ပြိုင်ပွဲ ပထမအကျော့ တွေ့ဆုံစဉ်က သရေကျခဲ့ပြီး ယခုပြိုင်ပွဲတွင် အနိုင်အရှုံးပေါ်သည်အထိ ကစားရမည်ဖြစ်သည်။ စီးတီးရန်ကုန်အသင်း အနိုင်ရခဲ့ပါက ဒုတိယအဆင့်တွင် ရန်ကုန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ပထမဆုံး ရန်ကုန် ဒါဘီပွဲစဉ်ဖြစ်လာ ဖွယ်ရှိနေသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များကို ယခုလအတွင်း ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ မကွေးအသင်းအပါအဝင် MNL ကလပ်အသင်းများမှာ ဒုတိယအဆင့်မှ စတင် ကစားရမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် MNL ကလပ် အသင်းများ တွေ့ဆုံသည့်ပွဲများ ပါဝင်နေသော်လည်း အသင်းကြီးများမှာ ကွာတားဖိုင်နယ်အဆင့်မှသာ အစောဆုံးတွေ့ဆုံ ဖွယ်ရှိနေသည်။ အသင်းကြီးများ တွေ့ဆုံနိုင်မှုအနေအထားတွင် လက်ရှိချန်ပီယံ မကွေးအသင်းသည် အခြားအသင်းကြီးများသာ ပုံမှန်အတိုင်း အနိုင်ရလာပါက ဒုတိယအဆင့်တွင် GFA အသင်း၊ ကွာတားဖိုင်နယ်တွင် ရှမ်းယူနိုက်တက်အသင်း၊ ဆီမီးဖိုင်နယ်တွင် ဧရာဝတီအသင်း၊ ၂ဝ၁၆ ပြိုင်ပွဲ ဒုတိယဆုရ ရန်ကုန်အသင်းသည် ကွာတားဖိုင်နယ်တွင် ဟံသာဝတီအသင်း၊ ဆီမီးဖိုင်နယ်တွင် ရတနာပုံအသင်းတို့နှင့် တွေ့ဆုံဖွယ်ရှိနေသည်။ ရှုံးထွက်ပြိုင်ပွဲမှာ မထင်မှတ်သည့် ရလဒ်ထွက်ပေါ်နိုင်သည့် ပြိုင်ပွဲမျိုးဖြစ်ရာ အသင်းငယ်များအနေဖြင့်လည်း မထင်မှတ်ဘဲ အောင်မြင်မှုရသွားတတ်သည့် အစဉ်အလာကောင်းများ ရှိထားသည်။
ဒုတိယအဆင့် ပွဲစဉ်များကို မေ ၁၁၊ ၁၂၊ ၁၇-၁၈ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment