Monday, May 29, 2017

နေပြည်တော်သပြေကုန်း(သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်)ဈေးဖွင့်



Image may contain: one or more people
နေပြည်တော် မေ ၂၈
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ သပြေကုန်း(သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်)ဈေးဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဈေးမျက်နှာစာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမျိုးတင့်နှင့် ဒေါ်စံပယ်ထွေး၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့က သပြေကုန်း (သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်)ဈေးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် သပြေကုန်း(သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်)ဈေး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်တို့က အဖွင့်အမှာ စကားပြောကြားကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သပြေကုန်း (သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်) ဈေး တည်ဆောက်ခြင်းအတွက် လှူဒါန်းခဲ့သော သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ကိုယ်စား ဈေး၏လိုအပ်ချက်များကို ညှိနှိုင်း၍ အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော Art Wave Group Co.,Ltd. ကိုယ်စား Chairman ဖြစ်သူ ဦးသစ္စာ(ခ) Li Bo Bo တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် သံအမတ်ကြီး မစ္စတာဟုန်လျန်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဒေါက်တာ မျိုးအောင်ထံသို့ သပြေကုန်း(သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်) ဈေးဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။
ယင်းဈေးသည် ယခုအခါ အကျယ် ၁၂၄ ပေ x ၁၉၈ ပေနှင့် ၁၉၆ ပေ x ၁၉၈ ပေရှိ ဈေးရုံ နှစ်ရုံအဖြစ် ဆိုင်ခန်းတစ်ခန်းလျှင် ယခင်အကျယ်အဝန်း ခြောက်ပေပတ်လည်အတိုင်း ဆိုင်ခန်းပေါင်း ၄၈ဝ နှင့် တစ်ခန်းလျှင် အကျယ် ၈၄ ပေ x ၁၉၈ ပေရှိ ကွက်လပ်တစ်ခုတို့အား Steel Structure တို့ဖြင့် တစ်ဆက်တစ်စပ်တည်း အမိုးများကိုလည်းကောင်း၊ အောက်ခြေကြမ်းခင်း Level ၂ ပေ ၆ လက်မ မြှင့်တင်ခြင်းနှင့် ၂ ပေ ၆ လက်မ အမြင့် ဈေးခုံကို လည်းကောင်း၊ အလျားပေ ၂၈၆ ပေ၊ အကျယ် ၁၈ ပေ၊ ဒု ၈ လက်မရှိ ဈေးရုံအတွင်း ကွန်ကရစ်လမ်းခင်းခြင်းကို လည်းကောင်း၊ အလျားပေ ၂ဝ၇ဝ၊ အကျယ် ၁ ပေ ၆ လက်မ၊ အနက် ၂ ပေရှိ ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။
သပြေကုန်း (သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်) ဈေးကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျခံ ငွေကျပ် ၃၉၅ ဒသမ ၉၈၆ သန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ လှူဒါန်းငွေကျပ် ၆၂ဝ ဒသမ ၁၄၇၇၅၅ သန်း စုစုပေါင်း ငွေကျပ် ၁ဝ၁၆ ဒသမ ၁၃၃၅ သန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
(ဇော်မင်းအောင်)

No comments:

Post a Comment